မြေပြိုမှုများကြောင့် ဟားခါးမြို့ပေါ်ရှိ မြို့ဟောင်းရပ်ကွက်တွင် အိမ်ခြေ ၁၉၆ ၊ အထက (၁) ကျောင်း အောက်ရှိ Kei Thei Bo ရပ်ကွက်တွင် အိမ်ခြေ ၆၅၊ စျေးသစ်ရပ်ကွက်တွင် အိမ်ခြေ ၁၆အိမ် ပျက်စီးခဲ့ ပြီး လူဦးရေ ၂,၆၀၀ ကျော် နေရာပြောင်းရွှေ့ထားရကြောင်း ဟားခါးမြို့ မိမြို့ဖ အဖွဲ့မှ ဦးရွှေထီယိုက ပြောသည်။
“ဟားခါးမှာ မိုးတော့ ဆက်မရွာတော့ဘူး။ ဒါပေမယ့် မြေက ပျော့တယ်ဆိုတော့ မြေပြိုနိုင်သေးတဲ့ အခြေအနေရှိပါတယ်။ အဓိက မြေပြိုတာက မိုးများပြီး ရေများတယ်။ မြို့ပတ်လမ်းလည်း ကြိုတယ်။ အဲဒီအချက်တွေက အဓိကပဲ’’ဟု ဦးရွှေထီယိုက ပြောသည်။
ထို့အပြင် ဟားခါးမြို့တော်လှန်ရေး ရေကန် အထက်နားတွင် ရဲစခန်းတည်ဆောက်ရန်အတွက် ယခင်က စက်ကြီးများဖြင့် မြေများကို တူးဆွခဲ့မှုကြောင့် ဟားခါးမြို့ကြီးကို အုပ်မိုးနေသော ရုန်းတောင် ကြီးလည်း ပြိုကျသွားရသည်ဟု သူက ဆက်ပြောသည်။ ယခုလက်ရှိ ဟားခါးမြို့တွင် ကယ်ဆယ်ရေး စခန်းကို (၈)ခု ဖွင့်ထားကြပြီး သဘာဝဘေးဒဏ်သင့်ပြည်သူများ စားဝတ်နေထိုင်ရေးအတွက် ပြည်နယ် အစိုးရနှင့် ပူးပေါင်းကာ လုပ်ဆောင်နေကြသည်ဟု သိရသည်။
ဟားခါးမြို့သို့ ဆက်သွယ်သွားလာနိုင်သော လမ်းများအားလုံး အကုန်ပြိုကျပျက်စီးပြီး ရိက္ခာများ ဝင်ရောက်နိုင်ခြင်း မရှိသောကြောင့် သဘာဝဘေးဒဏ် သင့်ပြည်သူများသည် တပ်မတော်မှ ဆန်ချေးပြီး ဖြန့်ဝေနေရကြောင်း ချင်းပြည်နယ် လူမှုရေး ၀န်ကြီးဒေါက်တာ ဘမောင်က ပြောသည်။
“လမ်းကလည်း အကုနု်ပျက်နေပြီ ဆန်မရောက်တော့ဘူး၊ ပတ်ပတ်လည် လမ်းတွေကလည်း အလွန်ဆုံး ရက် ၂၀ လောက်မှ ပြန်ဖွင့်နိုင် မှာပေါ့။ ဒါကြောင့်ဒုက္ခရောက်နေတဲ့ပြည်သူတွေကို ကျွေးမွေးဖို့ တပ်မတော်ဘက်က စုဆောင်းထားတဲ့ ရိက္ခာ ဆန်အိတ် ၅၀၀ ကို ချေးထားပါတယ်။ ဒါတွေ ဖြန့်ဝေနေပါတယ်’’ဟု ၀န်ကြီးက ပြောသည်။
မြန်မာနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း ရေကြီးရေလျှံမှုများဖြစ်ပွားလျက်ရှိပြီး ချင်းပြည်နယ်အပါအဝင် တိုင်း နှင့် ပြည်နယ် (၄)ခုကို သဘာဝဘေးဒဏ်သင့်ကျရောက်သော ဒေသအဖြစ် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဇူလိုင်လ ၃၁ ရက်နေ့ကအရေးပေါ်ကြေညာ ချက်ထုတ်ပြန်ခဲ့သည်။ အရေးပေါ်ကြေညာ ချက်ထုတ်ပြန်ပြီး သြဂုတ်လ ၂ ရက်နေ့တွင် နိုင်ငံတော် ဒုသမ္မတ ဦးဉာဏ်ထွန်းနှင့် အဖွဲ့ ဟားခါးမြို့သို့ ရောက်ရှိလာကြပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံကာ အမြန်ဆုံး အကူအညီပေးသွားမည်ဖြစ်ကြောင်း ပြောဆိုသွားသည်ဟု သိရသည်။
“ဒုသမ္မတက Carson Baptist ဘုရားကျောင်းမှာ ပြည်သူကို စကားပြောတယ်။ ဒုက္ခရောက်နေတဲ့ ပြည်သူတွေ စားဖို့ ဆန်တွေကို စစ်တပ် ရဟတ် ယဉ်ကိုအသုံးပြုပြီး ဂန့်ဂေါကနေ သယ်ပေးဖို့၊ ကျောင်းသားကျောင်းသူတွေ စာအုပ်နဲ့ ကျောင်းဝတ်စုံတွေ ဆုံးရှုံးမှုအတွက်ကိုလည်း အမြန်ဆုံး အကူအညီပေးသွားဖို့ ပြောသွားတယ်’’ဟု ဟားခါးဒေသခံတစ်ဦးက ပြောသည်။ အလားတူ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တွင်လည်းကုလားတန်မြစ်ရေတက်လာမှုကြောင့် ရေကြီး ရေလျှံမှု ဖြစ်ပွားကာ လူနေအိမ်ခြေ ၅၈၀ ခန့် ရေနစ်မြှုပ်ပြီး၊ မြေပြိုမှုကြောင့် ၂၅ အိမ် နှင့် လေ တိုက်မှု ကြောင့် ၁၇ အိမ် ပျက်စီးကာ လူဦးရေ ၃,၀၀၀ ကျော် ဒုက္ခရောက်နေကြ သည်ဟု ပလက်ဝမြို့ အခြေစိုက် ခူမီးလူငယ်များအသင်းဥက္ကဌ ကိုကျော်အောင်က ပြောသည်။
“သဘာဝဘေးဒဏ်သင့်ပြည်သူတွေဟာ အခုဆိုရင်နီးစပ်ရာဆွေမျိူးအိမ်တွေမှာနေတဲ့သူတွေရှိသလို၊ အထက ကျောင်း နဲ့ဘုန်းကြီးကျောင်းတွေမှာ ခိုလုံနေကြရတယ်’’ ဟု ကိုကျော်အောင်က ပြောသည်။
ထို့အပြင် ပလက်ဝမြို့နယ် ပထိန်တလန်ကျေးရွာမှ အထက ကျောင်းခွဲ၊ ရာရီတောင်ကျေးရွာမှ အမက ကျောင်း၊ ထာဟား ကျေးရွာမှ အမကကျောင်းခွဲတစ်ကျောင်းတို့သည် လေတိုက်မှုကြောင့် ပျက်စီးသွား သည်ဟု သိရပြီး ပလက်ဝမြို့ပေါ်ရှိ နတလ ကျောင်း လည်း ရေနစ်မြှုပ်သွားသည်ဟု သိရသည်။ ရေးကြီးရေလျှံမှုကြောင့် ပလက်ဝမြို့နယ်တွင် ဆန်စျေးလည်းအဆမတန်မြင့်တက်သွားပြီး ယခင်က ကျပ်ငွေ တစ်သောင်းခွဲခန့် ပေါက်စျေးရှိသော ဆန်တစ်အိမ်သည် ယခုအခါ ကျပ် ၃သောင်းခွဲ၊ ၄ သောင်းအထိ မြင့်တက် သွားသည်ဟု ကိုကျော်အောင်က ဆက်ပြောသည်။
တီးတိန် – တွန်းဇံဘက်မှာလည်း လမ်း၊ တံတား အတော်များများ ပျက်စီးသွားပြီး၊ မြေပြိုကြောင့် လူနေ အိမ်ခြေ အမြောက်အများ ပျက်စီးလျက်ရှိငည်ဟု သိရသည်။ ၂၀၀၅ -၂၀၀၆ ခုနှစ်ကတည်းက မိုးရွာ သုန်းမှုကြောင့် လူမှုဒုက္ခနှင့် ကြုံတွေ့ခဲ့ရသည့် ချင်းပြည် သူများသည် ယခု သဘာဝဘေး အန္တရာယ် ကြောင့် လူမှုဖူလုံရေး နလံပြန်လည် ထူထောင်ရန် ပိုမို ခက်ခဲလာနေမည် ဟု ပြောဆိုနေကြသည်။







