ချင်းပြည်နယ်မှ ကလေးငယ်အများစုသည် လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုမရရှိကြသည့်အတွက် မြန်မာ နိုင်ငံအတွင်းရှိ အခြားသောပြည်နယ်များမှ ကလေးငယ်များထက် ဖွံ့ဖြိုးမှုမရှိပဲ သေးကွေးပိန်လှီနေကြပြီး၊ သူတို့အ သက်အရွယ် အလိုက်ရှိသင့်သော ပုံမှန်အလေးချိန်မရှိကြကြောင်း ပြီးခဲ့သည့် မေလ (၅) ရက်နေ့စွဲဖြင့် ထုတ်ပြန်သော ယူနီဆက်အဖွဲ့၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ချင်းပြည်နယ်အတွင်း သက်ဆိုင်ရာ အစိုးရာ၏ ကျေးလက်ဒေသ ကျန်းမာရေးစောင့်ရှောက်မှုသည် လက်တွေ့ ဒေသခံလူထု၏ ကျန်းမာရေး လိုအပ်ချက်များနှင့် ဟပ်စပ်မှုမရှိကြောင်း သိရသည်။
”ကျနော်တို့ အုပ်စုမှာက ကျေးလက်ကျန်းမာရေးဌာနတော့ရှိတယ်၊ ဒါပေမဲ့ ကျန်းမာရေးဝန်ထမ်းတွေက ပုံမှန် မထိုင်နိုင်ဘူး၊ နောက်ပြီး အထက် မြို့နယ်က ပ့ံပိုးတဲ့ ဆေးဝါးတွေဟာ လူထု ကျန်းမာရေးလိုအပ်ချက်နဲ့ မကိုက်ညီတော့ ဆေးဝါးတွေ အလဟာသ ဖြစ်တာက များတယ်” ဟု ထန်တလန်မြို့နယ် ငဖိုင်ပီးကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။
မြန်မာနိုင်ငံ၏ ကျန်းမာရေးနှင့် ဖွံဖြိုးရေးအတွက် အကြီးမားဆုံးပြဿနာတစ်ခုသည် မိခင်နှင့် ကလေးများ အာဟာ ရချို့တဲ့နေခြင်းဖြစ်ပြီး ယင်းကိစ္စကို ဖြေရှင်းနိုင်ရန်အတွက် ချင်းပြည်နယ်အစိုးရအနေဖြင့် ဒေသန္တာရ လူမှုရေး စီမံကိန်းကို ယူနီဆက်အဖွဲ့၏ ထောက်ပ့ံမှုဖြင့် အကောင်ထည်ဖော်ဆောင်ရွက်မည်ဟု ယူနီဆက်ကပြောသည်။
မြန်မာနိုင်ငံတွင် ပထမဆုံးသော ဒေသန္တရ လူမှုရေးစီမံကိန်းကို ရန်ကုန်မြို့တွင် မေလ (၅) ရက်နေ့က ကျင်းပသော အခမ်းအနားတွင် ချင်းပြည်နယ်အစိုးရအဖွဲ့မှ မိတ်ဆက်ဖော်ပြလိုက်ပြီး ယင်းလူမူရေးစီမံကိန်းကြောင့် ချင်းပြည်နယ်ရှိ အမျိုးသမီးများနှင့် ကလေးသူငယ်များအတွက် အကျိုးကျေးဇူးများ ရရှိလာမည်ဖြစ်သည်ဟု ယူနီဆက်၏ ထုတ်ပြန် ချက်တွင် ဆက်လက်ဖော်ပြ ထားသည်။
အဆိုပါဒေသန္တာရ လူမှုရေးစီမံကိန်းသည် ဖွံံ့ဖြိုးရေး လိုအပ်ချက်များကို ပြည့်မှီစေသည်သာမက စားနပ်ရိက္ခာဖူလုံရေး၊ ပညာသင်ကြားနိုင်ရေးနှင့် အရည်အသွေးမှီ ကျန်းမာရေးစောင့်ရှောက်မှုများ ကျယ်ပြန့်စွာရရှိနိုင်ရေး စသည့် အခွင့် အရေးများကိုလည်း ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်ဟု မြန်မာနိုင်ငံ ဆိုင်ရာ ယူနီဆက် ကိုယ်စားလှယ် Bertrand Bainvel က ပြောသည်။
ယူနီဆက် နှင့် Myanmar Institute for Integrated Development (MIID) အဖွဲ့တို့မှ ပူးပေါင်းထောက်ပံ့မည့် ယင်း စီမံကိန်းသည် ၅ နှစ်စီမံကိန်းဖြစ်ပြီး ၂၀၁၆ မှ ၂၀၂၁ ခုနှစ်အထိဖြစ်သည်။
လက်ရှိ ချင်းပြည်နယ်တွင် ကျန်းမာရေး စောင့်ရှောက်မှုနှင့် ပတ်သက်၍ ပြီးပြည့်စုံသည့် ကျန်းမာရေးနှင့် အာဟာရပိုင်း ဆိုင်ရာ စစ်တမ်းများ ကောက်ယူခြင်း၊ ထိရောက်သော လူနာ လွှဲပြောင်းမှုစနစ် ထူထောင်ခြင်း၊ ဝေးလံ ခေါင်ဖျားသည့် ဒေသများတွင် လူနာ အလွှဲအပြောင်းအတွက် မော်တော်ယာဉ်များ၊ ကျန်းမာရေးနှင့် ပတ်သက်သည့် အသုံးအဆောင်များ၊ အဆောက်အဦးများ၊ မီးဖွားဆောင်များ၊ မျိုးဆက်ပွား ကျန်းမာရေးနှင့် HIV/AIDS ကာကွယ် တားဆီးရေး စီမံချက်များ စသည်တို့ကို တိုးချဲ့ဆောင်ရွက်ရန် ကူညီပံ့ပိုးပေးမှုများ လိုအပ်နေကြောင်း သိရသည်။
ချင်းပြည်နယ်တွင် ကျန်းမာရေး အာဟာရချို့တဲ့မှုနှင့် ပတ်သက်၍ အလေးချိန်ပေါင်စံချိန် မပြည့်သည့် ကလေးငယ် (၃၁) ရာခိုင်နှုန်း၊ ပုညှပ်သူ (၅၈) ရာခိုင်နှုန်း၊ ပိန်လှီသူ (၉) ရာခိုင်နှုန်း ရှိကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ကို ကိုးကားပြီး Messenger သတင်းတွင်ဖော်ပြထားသည်။







