ယခုနှစ် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ချင်းပြည်နယ်၏ လေယာဉ်ကွင်းစီမံကိန်းအတွက် ဘတ်ဂျက် သန်းတစ်ထောင် လျာထားပြီးလုပ်ငန်းအကောင်ထည်ဖော်မှုပိုင်းကိုလည်းဆက်လက်လုပ်ဆောင်သွားမည်ဟု ၀န်ကြီးကပြောသည်။
“လေယာဉ်ကွင်းအတွက် သုံးနေရာကြည့်ခဲ့ကြတာပေါ့၊ ဟားခါး၊ ဖလမ်းနဲ့ တီးတိန်မြို့တို့ပေါ့၊ ဟားခါးက မြို့တော်ဖြစ်တဲ့အတွက် သူတို့ကြည့်ခဲ့ကြပေမယ့် နေရာအကျယ်အဝန်းပြည့်စုံပေမယ့် လေယာဉ်အတက် အဆင်းမှာအဆင်မပြေနိုင်ဘူး၊ တီးတိန်လည်းကောင်းပေမယ့် တောင်ကအရမ်းမြင့်နေတယ်၊ ပြီးတော့ ကလေးမြို့ လေယာဉ်ကွင်းလည်းရှိနေပြန်တာကြောင့်ပေါ့၊ အဖြစ်နို်င်ဆုံးနဲ့ နေရာအကောင်းဆုံးကတော့ ဖလမ်းမြို့နယ်ကဆူရ်ဘုန်တောင်ဖြစ်တယ်လို့ တိုင်းတာသူတွေကသဘောထား မှတ်ချက်ပေးပါတယ်။ အခု ၂၀၁၅-၁၆ ဘတ်ဂျက်အတွက် သန်းတစ်ထောင်ကိုအင်ဂျင်နီယာလုပ်ငန်းအတွက်လျာထားပါတယ်’’ ဟု ၀န်ကြီးဦးငွန်ဆန်းအောင်ကပြောသည်။
ချင်းပြည်နယ်လေယာဉ်ကွင်းကောင်းကောင်းမွန်မွန်အဆင်ပြေစွာပြီးမြောက်သည်အထိ ပြုလုပ်နိုင်ရန်အတွက် ဖလမ်းမြို့ရှိဌာနဆိုင်ရာအကြီးအကဲများ၊ ဖလမ်းမြို့နှင့် မြို့အနီးအနားရှိကျေးရွာလူကြီးများ၊ ခရစ်ယာန်ဓမ္မအမှုတော်ဆောင်များ၊ လူငယ်များစုစုပေါင်း ၂၀၀ ခန့်တို့သည် ဧပြီလ ၁၈ ရက်နေ့ကချင်းပြည်နယ်လေယာဉ်ကွင်းစီမံကိန်းနေရာသို့ သွားရောက်ကာ၊ ဆုတောင်းဆက်ကပ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။
ချင်းပြည်နယ်သည် မြန်မာနိုင်ငံရှိ ပြည်နယ်နှင့်တိုင်း ၁၄ ခုအနက် လေယာဉ်ကွင်းမရှိသည့် တစ်ခုတည်းသော ပြည်နယ်ဖြစ်ပြီး ချင်းပြည်သူများမှ နှစ်ရှည်လများမျှော်မှန်းခဲ့ကြသောလေယာဉ်ကွင်းအိမ်မက်သည် အမှန် တကယ်ဖြစ်လာတော့ မည်ဖြစ်သည်။
အလားတူချင်းပြည်နယ်တွင် အဓိကအရေးကြီးဆုံးဖြစ်သည့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်လာစေ ရန်၂၀၁၅-၁၆ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်းပေါင်းရှစ်သောင်းကျော် အသုံးပြုသွားရန်လည်းလျာထားကြောင်းချင်းပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီးဦးနန်ဇမုန်ကပြောသည်။
ချင်းပြည်နယ်သည် ကားလမ်းကိုသာအဓိကအားထားနေရသည့် ပြည်နယ်တစ်ခုဖြစ် သည်နှင့်အညီတိုးတက်ကောင်းမွန် သောကား လမ်းများဖောက်လုပ်ရန်အတွက် ယခုဘဏ္ဍာရေးနှစ်တွင် ပြည်နယ် ရန်ပုံငွေကျပ်သန်း ၈၀,၂၉၂ဒသမ ရ၂၇ နှင့် ပြည်ထောင်စုရန်ပုံငွေ ကျပ်သန်း ၃,၇၃၀ ဒသမ ရ၀၀၊စုစုပေါင်းကျပ် သန်း ၈၄,၀၂၃ဒသမ ၄၂၇ အသုံးပြုတည်ဆောက်နိုင် ရန်လျာထားခြင်းဖြစ်သည်ဟု ၀န်ကြီးဦးနန်ဇမုန်ကပြောဆိုကြောင်း 7day သတင်းတွင်ဖော်ပြထားသည်။
ချင်းပြည်နယ်တွင် ကားလမ်းများမကောင်းသည့်အတွက်ကြောင့် ကားလမ်းများပြိုကျခြင်း၊ ကားတိမ်းမှောက်မှုများ မကြာခဏဖြစ်ပွားလေ့ရှိပြီးခရီးသွားပြည်သူများ နှစ်စဉ်နှစ်တိုင်းသေဆုံးမှုများဖြစ်ပွားလေ့ရှိသည်။
ကျေးရွာပေါင်း ၁၄၀၈ရွာရှိသော ချင်းပြည်နယ်တွင် ကားလမ်းမပေါက်သည့် ကျေးရွာစုစုပေါင်း ၈၁၀ရွာ ရှိသည်။ ထိုကျေးရွာများမှာ ပလက်ဝမြို့နယ် တွင်ရွာပေါင်း ၃၆၀၊ မင်းတပ်မြို့ တွင် ၁၆၆ရွာ၊ မတူပီမြို့နယ်တွင် ၈၆ရွာ၊ ဖလမ်းမြို့ နယ်တွင် ၈၀ရွာ၊ တွန်းဇံမြို့နယ်တွင် ၂၉ရွာ၊ ကန် ပက်လက်မြို့နယ်တွင် ၂၄ရွာ၊ ဟားခါးမြို့နယ်တွင် ၁၄ရွာ၊ ထန် တလန်မြို့နယ်တွင် ၅ရွာ၊ တီးတိန်မြို့နယ်တွင် ၄၆ရွာတို့ဖြစ်ကြ သည်။







