တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ထုတ်ပြန်ချက်တွင် “ ယခုအခါ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးတို့မှာ အထိုက်အလျောက် ရရှိလာပြီဖြစ်၍ ဒေသအတွင်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေး တပ်ဖွဲ့များအနက် တပ်မတော်စစ် ကြောင်းအချို့ကို လက်ရှိ ဘူးသီးတောင်-မောင်တောဒေသ စစ်ဆင်ရေးနယ်မြေမှ စတင်ထုတ်နုတ်၍ စစ်တွေမြို့၌ အရန်အဖြစ် အသင့်စုဖွဲ့ထားရှိသွားမည်ဟု သတင်းရရှိကြောင်း ထုတ်ပြန်ခဲ့သည်။
အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည့် ဘူးသီးတောင်နှင့် မောင်တောနယ်မြေတွင် နယ်မြေတည်ငြိမ်အေးချမ်းမှု အထိုက်အလျောက် ရရှိလာ၍ တပ်မတော် စစ်ကြောင်းများကို ထုတ်နုတ်ခြင်း အပေါ်မည်သို့ထင်မြင်သုံးသပ်ပါသလဲဟု မေးမြန်းစဉ် ဒေါ်ခင်စောဝေက အလေးအနက်ထား စောင့်ကြည့်သင့်ကြောင်း ထိုသို့တုန့်ပြန် ပြောကြားခဲ့ခြင်း ဖြစ်သည်။
“ ဟိုတစ်နေ့ကဘဲ ဒိုင်းနက်လူမျိုး နှစ်ယောက် အသတ်ခံရတယ်။ နှစ်ယောက် ဒဏ်ရာရတယ်။ နယ်မြေဒေသ တည်ငြိမ်အေးချမ်းနေပြီလို့ ပြောလို့မရသေးဘူး။ ဒေသခံ ရခိုင်တိုင်းရင်းသားတွေက စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အရ အရမ်း ခံစားနေရတယ်။ စိုးရိမ်မှုနဲ့အတူ မလုံခြံုဘူးလို့ ခံစားနေရတယ်။ စစ်ကြောင်း တစ်ချို့ရုပ်လိုက်တယ်ဆိုတဲ့ အပေါ်မှာတော့ ဒေသခံတွေက ကြိုက်ကြမှာ မဟုတ်ဘူး။ ဒါပေမယ့် သူတို့က စစ်တွေအထိ ရုပ်တယ်ဆိုတော့ အခြေအနေကို စောင့်ကြည့်ကြရမှာ ဖြစ်ပါတယ်” ဟု ဒေါ်ခင်စောဝေက ပြောသည်။
မောင်တော- ဘူးသီးတောင်ဒေသတွင် အဓိက အရေးကြီးဆုံးမှာ လုံခြံုရေးဖြစ်ကြောင်း၊ လုံခြံုရေး မကောင်း၍ အိုးအိမ်များကို စွန့်ပစ်ကာ ရခိုင်တိုင်းရင်းသားများ သုံးကြိမ်တိုင်တိုင် ထွက်ပြေးခဲ့ရပြီ ဖြစ်ကြောင်း၊ သို့အတွက် ၎င်းဒေသတွင် လုံခြံုရေးကို အဓိက ဦးစားပေးဆောင်ရွက်ရန်လိုအပ်ကြောင်း သူမက ဆက်လက် ပြောကြားသည်။
ရသေ့တောင်မြို့နယ် မယူကမ်းချွတ်ပြင်ရွာမှ ဦးအောင်ကျော်သန်းက နယ်မြေဒေသ တည်ငြိမ်နေပြီဟု ပြောဆို၍ မရကြောင်း၊ စစ်တပ်ကိုရုတ်တရက် ရုပ်သိမ်းသွားသဖြင့် တောင်ရင်းအနီးကျေးရွာသားများ အနေဖြင့် စိုးရိမ်နေကြရပြီ ဖြစ်ကြောင်း၊ မယူကမ်းတွင် ဘူးသီးတောင်မြို့နယ် အောင်ဇေယျမှ စပြီး ရသေ့တောင်နယ်မြေ ချွတ်ပြင်၊ ချင်းရွာ၊ အထက်နန်းရာစသည့် နေရာများတွင် စစ်သား တစ်ဦးတစ်ယောက်မှ မရှိတော့ကြောင်း၊ တစ်စုံတစ်ရာ ဒေသခံပြည်သူများအား ပြောဆိုခြင်း မရှိဘဲ ရုတ်တရက် စစ်တပ်ကို ရုပ်သိမ်းသွားသဖြင့် လူအများ အကြားတွင် စိုးရိမ်မှုနှင့် အံ့သြသင့်နေကြကြောင်းသူက ပြောကြားသည်။
ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်- မောင်တောဒေသ၌ ARSA အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများက ဩဂုတ် ၂၅ ရက်တွင် တပ်ဌာနချုပ်တစ်ခုအပါအဝင် ရဲကင်းစခန်း ၃၀ ခုကို တစ်ချိန်တည်း တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လူမဆန်စွာ အကြမ်းဖက် လုပ်ရပ်များ ဆောင်ရွက်ခဲ့သဖြင့် ဒေသတွင်း တရား ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားခဲ့သဖြင့် တပ်မတော် စစ်ကြောင်းများနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဩဂုတ် ၂၅ ရက်မှပင် ဥပဒေနှင့် အညီ နယ်မြေရှင်းလင်းရေးအား ဆောင်ရွက်ခဲ့သဖြင့် စက်တင်ဘာ ၅ ရက်နေ့နောက်ပိုင်း ထိတွေ့မှုဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းများ လျော့နည်းလာခဲ့ရကြောင်း ၊ ယခုအခါ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းရေးတို့မှာ အထိုက် အလျောက် ရရှိလာပြီဖြစ်၍ ဒေသအတွင်း နယ်မြေရှင်းလင်းရေး ဆောင်ရွက် လျက်ရှိသည့် လုံခြုံရေး တပ်ဖွဲ့များအနက် တပ်မတော်စစ် ကြောင်းအချို့ကို လက်ရှိ ဘူးသီးတောင်-မောင်တောဒေသ စစ်ဆင်ရေးနယ်မြေမှ စတင်ထုတ်နုတ်၍ စစ်တွေမြို့၌ အရန်အဖြစ် အသင့်စုဖွဲ့ထားရှိသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။







