ရခိုင်သို့ ကမ္ဘာလှည့်ခရီးသည် ဝင်ရောက်မှုမရှိသလောက်ဖြစ်နေ

ရခိုင်သို့ ကမ္ဘာလှည့်ခရီးသည် ဝင်ရောက်မှုမရှိသလောက်ဖြစ်နေ
by -
မာန်ယုကျော်
ယခုနှစ် ခရီးသွားရာသီ စတင်ခဲ့ပြီ ဖြစ်သော်လည်း ရခိိုင်ပြည်နယ်သို့ ကမ္ဘာလှည့် ခရီးသည်များ ၀င်ရောက်မှုမှာ မရှိသလောက်နည်းပါးနေကြာင်း သတင်းရရှိသည်။

“ကျွန်တော်တို့ ရခိုင်ပြည်နယ်မှာဖြစ်သွားတဲ့ ပဋိပက္ခကြောင့် တချို့ဟိုတယ် တော်တော်များများမှာ Booking တွေက ပျက်သွားပါတယ်။ ဧည့်သည်တွေ ၀င်ရောက်မှုက ဒီနှစ်မှာ ဆိုရင် လုံးဝကျဆင်းသွားပါတယ်။ ကျွန်တော်တို့ နိုင်ငံခြားသားဆိုလို့ရှိရင် မြင်တောင်မမြင်ဖူးတဲ့အခြေအနေဖြစ်နေပါတယ်။”ဟု စစ်တွေမြို့မှ Novel ဟိုတယ်တာဝန်ခံ ဦးကျော်ထွန်းလှိုင်က နိရဥ္စရာသို့ ပြောသည်။

ရန်ကုန်ဘက်မှ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းကုမ္ပဏီအချို့ကလည်း အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်ကို အကြောင်းပြပြီး ရခိုင်ပြည်နယ်သို့ ကမ္ဘာလှည့် ခရီးသွားများအား ပို့ဆောင်ပေးမှု မရှိဘဲ ဖြစ်နေကြောင်း ရခိုင်ဧည့်လမ်းညွှန်များ အသင်းက ဆိုသည်။

“တချို့သော ခရီးသွားဝန်ဆောင်မှု အလုပ်လုပ်နေကြတဲ့ကုမ္ပဏီတွေကနေပြီးတော့ ကိုယ်တိုင်ကိုယ်ကျ ကျွန်တော်တို့ဒေသကိုလာရောက်လေ့လာမှုမပြုဘဲ သံသယ ရှိပြီးတော့ ဒီဘက်ကိုသွားရင် လုံခြံုမလား၊ ဒီဘက်ကို သွားရောက် လည်ပတ်ရင် အေးချမ်းမလားဆိုတဲ့ သူတို့စိတ်ထဲမှာ သံသယတွေ အများကြီး ဝင်နေပါတယ်။ သူတို့ သံသယဝင်တဲ့အတွက် ကျွန်တော်တို့ဘက်က အလုပ်တွေဟာ အားနည်းသွားပါတယ် “ဟု ရခိုင်ဧည့်လမ်းညွှန်များအသင်းဥက္ကဋ္ဌ ဦးဇော်မြင့်က ပြောသည်။

ရခိုင်ပြည်နယ် မြောက်ဦးဒေသသည် တစ်နှစ်ကို ကမ္ဘာလှည့် ခရီးသည် ၄၀၀၀ ခန့်နှစ်စဉ် ၀င်ရောက်လည်ပတ်သည့် နေရာဖြစ်သော်လည်း ယခုနှစ်တွင် ၀င်ရောက် လည်ပတ်မှုနှုန်းမှာ များစွာကျဆင်းသွားနိုင်သည်ဟု ခန့်မှန်းထားကြသည်။

ရခိုင်တွင် ကမ္ဘာလှည့်ခရီးသည်များဝင်ရောက်မှုမရှိဖြစ်နေသည့်အတွက် ဟိုတယ်များ၊ ခရီးသွား ဝန်ဆောင်မှုလုပ်ငန်းနှင့် ဆက်စပ်လုပ်ကိုင်နေသူများ အခက်အခဲ ဖြစ်နေကြရသည် ဟုလည်း ဆိုသည်။

ယင်းအပြင် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားခဲ့သည့်ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်ဒေသများမှာ ကမ္ဘာလှည့်ခရီးသည်များ လာရောက် လည်ပတ် တတ်သည့် နေရာမဟုတ်ကြောင်း၊ မြောက်ဦးဒေသတွင် မည်သည့် ပြသနာမှ ဖြစ်ပွားခြင်း မရှိသဖြင့် လာရောက်လည်ပတ်သင့်ကြောင်း ရခိုင်ရောက် ကမ္ဘာလှည့်ခရီးသည် တစ်ဦးဖြစ်သူ အမေရိကန်နိုင်ငံသား Mr. Rickheizman က ပြောကြားသည်။

ကမ္ဘာလှည့်ခရီးသည်တစ်ဦးဖြစ်သူ အမေရိကန်နိုင်ငံသား Mr. Rickheizman က “တစ်ကမ္ဘာလုံးကပြည်သူတွေကို ကျွန်တော်ပြောချင်တာက မြန်မာနိုင်ငံကိုလာပါ။ မြန်မာနိုင်ငံကိုလာပြီးတော့ ရခိုင်ပြည်နယ်ကို လာကြည့်ပါ။ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ခဲ့တဲ့ နေရာတွေနဲ့ မသက်ဆိုင်တဲ့ အရမ်းလှပတဲ့မြင်ကွင်းတွေကို မြင်တွေ့ကြရမှာ ဖြစ်ပါတယ် “ဟု နိရဥ္စရာသို့ပြောသည်။

ရခိုင်ပြည်နယ်သို့လာရောက်ကြသည့် ကမ္ဘာလှည့်ခရီးသည်များ အများဆုံးလာရောက် လည်ပတ်တတ်သည့်နေရာများမှာ ကျောက်တော်ရှိ မဟာမြတ်မုနိဘုရား၊ ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ မြောက်ဦး၊ စစ်တွေနှင့် ကမ္ဘာကျော် ပင်လယ်အပန်းဖြေ ကမ်းခြေရှိရာ ငပလီတို့ဖြစ်ကြသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...