ကမ္ဘောဇအနာဂါတ်အလင်းတန်းမြန်မာ့ဖောင်ဒေးရှင်းသည် ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးနှင့်တည်ဆောက်ရေး အတွက် ယခုနှစ် သြဂုတ်လ ၂၆ ရက်နေ့က ကျပ် ၄၇၀ သိန်း၊ စက်တင်ဘာလ ၁၀ ရက်နေ့က ရခိုင်ပြည်နယ် နယ်စပ်ခြံစည်းရိုးကာရန်အတွက် ကျပ်သိန်းပေါင်း ၃၁၆၉၀ သိန်း၊ စက်တင်ဘာ ၁၂ ရက်နေ့က မောင်တောဒေသ ဖွံ့ဖြိုးရေးအတွက် ရခိုင်ပြည်နယ် အစိုးရသို့ ကျပ် သိန်းပေါင်း ၃၀၀၀၊ အောက်တိုဘာလ ၁၉ ရက်နေ့က ရခိုင်ပြည်နယ် ပြန်လည် ထူထောင်ရေးအတွက် ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေး အတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံသို့ ကျပ်သိန်းပေါင်း ၃၀၀၀၀ လှူဒါန်းခဲ့သည်ဟု သိရသည်။
“ ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးအတွက် သူတို့ လှူဒါန်းတွေငွေဟာ နည်းနည်းနှောနှော မဟုတ်ပါဘူး။ စုစုပေါင်း ကျပ်သိန်းပေါင်း ခြောက်သောင်း ငါးထောင်တစ်ရာ ့ခြောက်ဆယ်(၆၅,၁၆၀) ဖြစ်ပါတယ်။ ဒီလို လှူဒါန်းတဲ့ အပေါ် ရခိုင်ဆရာတော်ကြီးတစ်ပါးအနေနဲ့ ဂုဏ်ပြုဖို့လိုအပ်တာကြောင့် ဆရာတော်ကြီး ကနေ ဒီဂုဏ်ပြုသဝဏ်လွှာကို ကမ္ဘောဇ အနာဂါတ်အလင်းတန်း မြန်မာ့ ဖောင်ဒေးရှင်း ဥက္ကဋ္ဌဒေါ်နန်းလိုင်းခမ်းဆီကို ပို့ပေးရတာဖြစ်ပါတယ်” ဟု ရန်ကုန် အလိုတော်ပြည့်ကျောင်း လက်ထောက်ဆရာတော် ဦးကုမာရ (ဦးဇင်းဘီလူး)က ပြောသည်။
အလိုတော်ပြည့် ဆရာတော်ကြီး ရေးသားပေးပို့သည့် သဝဏ်လွှာထဲတွင် ယခုကဲ့သို့ နိုင်ငံသူ နိုင်ငံသားများအတွက် အမျိုးဘာသာ သာသနာအရေးကို ရှေ့တန်းထားပြီး စဉ်ဆက်မပြတ် စေတနာသဒ္ဓါတရား ထက်သန်စွာဖြင့် လှူဒါန်းပေးနေသော ကမ္ဘောဇအနာဂါတ်အလင်းတန်းမြန်မာဖောင်ဒေးရှင် ဥက္ကဋ္ဌဒေါ်နန်းလိုင်းခမ်းနှင့် အဖွဲ့သားများ အားလုံး စီးပွားဥစ္စာများ ဒီရေအလားကဲ့သို့ တစ်နေ့တစ်ခြားတိုးတက်ပြီး ကိုယ်စိတ်နှစ်ပါး ကျန်မာချမ်း သာစွာဖြင့် နိုင်ငံတော်နှင့်ပြည်သူအကျိုးကို ဆက်လက်ထမ်းရွက်သယ်ပို့နိုင်စေရန်နှင့် လောကီ လောကုတ္တရာ ချမ်းသာ အဖြာဖြာတို့အား တိုးတက်ရရှိခံစားနိုင်ပါစေကြောင်း ဆုမွန်ကောင်းပေး၍ မေတ္တာပို့သအပ်ပါကြောင်း ပါရှိသည်ဟု သိရသည်။
ယခုကဲ့သို့ လှူဒါန်းမှုအတွက် ရခိုင်ပြည်နယ်အတွင်း မှီတင်း နေထိုင်ကြာသော တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အားလုံးကိုယ်စား ပြည်တွင်း ပြည်ပ သာသနာပြု ကျေးဇူးတော်ရှင် အလိုတော်ပြည့်ဆရာတော်က ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ဆို ဂုဏ်ပြုအပ်ကြောင်းဖြင့်လည်း ဖော်ပြထားသည်။







