ရခိုင်မျိုးချစ်ပါတီ – APP လူမှုစာမျက်နာကို ခိုးယူအသုံးပြုပြီး ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)မှ ဦးလှမြင့် အောက်တိုဘာလ ၁၆ ရက် နေ့လယ် ၂ နာရီ ၃၀ အချိန်တွင် မြောက်ဦးထွက်လမ်းတွင် ဓါးဖြင့်ခုတ်သတ်ခံခဲ့ရသည်ဟု ရေးသား ဖော်ပြထားသည်။
ရခိုင်မျိုးချစ်ပါတီ- APP ဥက္ကဋ္ဌ ဦးဇော်ဝင်ထွန်းက ” ခုလို ကျွန်တော်တို့ ပါတီရဲ့ လူမှုစာမျက်နာပါ ပါတီအမည်နဲ့ လိုဂိုကို အသုံးပြုပြီး ဦးလှမြင့် ဓားခုတ်ခံရတယ်လို့ မမှန် သတင်း တင်ထားပါတယ်။ အခုဟာက ကျနော်တို့ကို တိုက်ခိုက်နေတာပါ။ အဲဒါကြောင့် ဒီကိစ္စကို ဒီကနေ့ အစည်းအဝေးထိုင်ပြီးတော့ တရားစွဲဆိုသွားဖို့ ပြင်ဆင်နေပါတယ်” ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
၎င်းပြင် ဦးဇော်ဝင်းထွန်းက သူတို့ပါတီ အနေဖြင့် တစ်ခြားပါတီ၊ လူမှု အဖွဲ့အစည်း များနှင့်လည်း ပြသနာမရှိပါကြောင်း၊ ရခိုင်ပြည်နယ်ထဲတွင် လက်ရှိ အားအားကြီး နိုင်ငံရေး ပါတီများနှင့်လည်း အဆင်ပြေကြောင်း၊ ယခုလုပ်ရပ်မှာ ရခိုင်မျိုးချစ် ပါတီအား မကြိုက်နှစ်သက်သူများက မမှန်သတင်းတင်ကာ တိုက်ခိုက်ခြင်း ဖြစ်ကြောင်း သူကဆက်လက်ပြောကြားသည်။
“ ကျွန်တော်တို့ကို တိုက်ခိုက်နေကြတာတွေရှိပါတယ်။ အခုလိုမျိုး တိုက်ခိုက်တာ ၃ ကြိမ်တောင် ကြံုဖူးတယ်” ဟု ဓါးခုတ်သတ်ဖြတ်ခံရသည်ဟု သတင်းတင်ခံရသူ ကာယကံရှင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးလှမြင့်က ပြောသည်။
ဦးလှမြင့်သည် အောက်တိုဘာ ၁၅ ရက်နေ့ကတည်းက စစ်တွေမှ ရန်ကုန်မြို့ရှိ နေအိမ်သို့ လေယာဉ်ဖြင့် ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ ရခိုင်ခရီးစဉ် အတွင်း တစ်စုံတစ်ရာ ပြသနာ ဖြစ်ပွားခြင်း မရှိခဲ့ကြောင်း သိရှိရသည်။
လတ်တလော ရခိုင်နိုင်ငံရေး လောကတွင် အကွဲအပြဲများနှင့် အရှုတ်အထွေးများ ပေါ်ပေါက်နေရာ လူမှုကွန်ယက်စာမျက်နာများတွင်ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှုများလည်း မကြာခဏ ပေါ်ပေါက်နေကြောင်း သိရှိရသည်။
ရခိုင်မျိုးချစ်ပါတီ- APP အမည်ကို အသုံးပြုပြီး လူမှုကွန်ယက် စာမျက်နှာပေါ်တွင် “ ALD ပါတီမှ ဦးလှမြင့် ကောင်းရာဘုံသို့ရောက်ပါစေ။ Oct 16 2017, နေ့လည် ၂း၃၀ အချိန်တွင် မြောက်ဦးထွက်လမ်းတွင် ဓားဖြင့်ခုတ်သတ်ခံရသည်။ ယခု ဦးလှမြင့်သည် အရေးပေါ်အခြေအနေရှိသည်” ဟု ရေးသားဖော်ပြထားသည်။
အဆိုပါ သတင်းကြောင့် အများပြည်သူများကြားတွင် အထိတ်တလန့် ဖြစ်စေခဲ့ပြီး ဦးလှမြင့်နှင့် သက်ဆိုင်သူများသို့ ဖုန်းဆက်မေးမြန်းမှုများ ဖြစ်ပေါ်ခဲ့သည်။







