အပစ်ရပ်အဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးအား ထောင်ချခြင်းသည် NCA ကိုထောင်ချခြင်းဖြစ်ကြောင်း ခိုင်မျိုးထွန်းပြော

အပစ်ရပ်အဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးအား ထောင်ချခြင်းသည် NCA ကိုထောင်ချခြင်းဖြစ်ကြောင်း ခိုင်မျိုးထွန်းပြော
by -
နိရဥ္စရာ
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အစိုးရနှင့် ပြည်နယ်အဆင့် လက်မှတ်ရေးထိုးထားသည့် ပါတီတစ်ခုမှ တာဝန်ရှိသူ တစ်ဦးအား ထောင်ချခြင်းသည် NCA ကို ထောင်ချခြင်းဖြစ်သည်ဟု ကိုယ်တိုင်ထောင်ချခံရသူ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ပြန်ကြားရေးဌာန ဒုတာဝန်ခံ ခိုင်မျိုးထွန်းက ပြောကြားလိုက်သည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ပြန်ကြားရေးဌာနမှ ၂ဝ၁၆ ခုနှစ်က မြန်မာတပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့ အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း မြန်မာတပ်မတော်ဘက်က အရပ်သားပြည်သူများအား ပေါ်တာဆွဲခြင်း၊ လမ်းပြအဖြစ် ခေါ်ဆောင်အသုံးပြုခြင်း များရှိသည်ဟု ဖော်ပြခဲ့ပြီး ယင်းသို့ ပြုလုပ်ခြင်းသည် ဂျီနီဗာကွန်ဗင်ရှင်း သဘောတူညီချက် ကို ချိုးဖောက်ရာရောက်သည်ဟု ဆိုကာ ၂၀၁၆ ခုနှစ် ဧပြီ ၂၄ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့သည်။

၎င်းကြေညာချက်နှင့် ပတ်သက်ပြီး ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ပြန်ကြားရေးဌာန ဒုတာဝန်ခံ ခိုင်မျိုးထွန်းတွင် တာဝန်ရှိသည် ဟုဆိုကာ နိုင်ငံတော်ကို အကြည်ညိုပျက်စေမှုဖြင့် ၂၀၁၆ ခုနှစ် ဇူလိူင် ၂၅ ရက်နေ့တွင် ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့သည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ပြန်ကြားရေးဌာန တာဝန်ခံ ခိုင်မျိုးထွန်းသည် ဖမ်းဆီးခံရပြီးနောက် အမှုကို ၁ နှစ်နှင့် ၃ လအထိ ရင််ဆိုင်ခဲ့ရပြီး အောက်တိုဘာလ ၁၂ ရက်နေ့တွင် စစ်တွေမြို့နယ်တရားရုံးမှ ရာဇသတ်ကြီးပုဒ်မ ၅ဝ၅(ခ)/၅ဝ၅(ဂ)အရ ထောင်ဒဏ် ၁ နှစ်ခွဲချမှတ်ခဲ့သည်။

ယင်းသို့ ထောင်ချခံရပြီးနောက် ခိုင်မျိုးထွန်းမှ သူ့အား ဖမ်းဆီးထောင်ချခြင်းသည် NCA ဟု လူသိများနေသည့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို ထောင်ချခြင်းသာဖြစ်ကြောင်း ပြောဆိုသည်။

“ကျွန်တော်ကို ထောင်ချလိုက်တယ်ဆိုတာက တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို ချိုးဖောက်တာဘဲ။ ဒါဟာ အပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကို ထောင်ချလိုက်တာနဲ့အတူတူပဲ” ဟု ခိုင်မျိုးထွန်းကပြောသည်။

ယခုကဲ့သို အထောင်ဒဏ်ချမှတ်လိုက်သည့်အပေါ် အယူခံတက်ချင်စိတ်မရှိကြောင်း၊ အယူခံတင်သော်လည်း မည်သည့်အကျိုးမှ ထူးခြားလာမည်မဟုတ်ကြောင်း သူက ဆက်လက်ပြောကြားသည်။

တရားခံဘက်မ အမှုလိုက်ပါ ဆောက်ရွက်သူတရားလွှတ်တော်ရှေ့နေ ဦးကျော်သိန်းက ” အခု ချမှတ်လိုက်တဲ့ ပြစ်ဒဏ်ဟာ တရားမျှတမှုရှိတယ်လို့ မသုံးသပ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပါတီက ထုတ်ပြန်တဲ့ ကြေညာချက်မှာပါတဲ့ ရိုက်ထားတဲ့ တံဆိပ်တုံးတို့၊ ပါတီက ထုတ်ပြန်ချက်တို့ကို ဘာမှသုံးသပ်တာမတွေ့ရဘူး။ ခိုင်မျိုးထွန်းနဲ့သာ သက်ဆိုင်တယ်ဆိုပြီး ထောင်ချလိုက်တာပါ” ဟု ပြောသည်။

ယခုကဲ့သို့ ပါတီထိပ်တန်း ခေါင်းဆောင်တစ်ဦး ထောင်ချခံရခြင်းနှင့် ပတ်သက်ပြီး မည်သို့ သဘောထားသည်ကို ရခိုင်ပြည်လွတ်မြောက်ရေး ပါတီမှ ရှင်းရှင်းလင်းလင်းထုတ်ပြန်ခြင်း မရှိသေးကြောင်း သိရသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...