အနောက်ဘက် နယ်စပ်ဒေသ ရခိုင်အမျိုးသားနယ်မြေ ပြန်လည်တည်ဆောက်ရေးကော်မတီ(ယာယီ) နှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တွေ့ဆုံ

အနောက်ဘက် နယ်စပ်ဒေသ ရခိုင်အမျိုးသားနယ်မြေ ပြန်လည်တည်ဆောက်ရေးကော်မတီ(ယာယီ) နှင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့တွေ့ဆုံ
by -
စံမောင်သန်း၊
စံမောင်သန်း၊ စက်တင်ဘာ ၁၀။  သမိုင်းပညာရှင် ဒေါက်တာအေးချမ်း ဥက္ကဋ္ဌ အဖြစ် ဦးဆောင်သည့် အနောက်ဘက် နယ်စပ်ဒေသရှိ ရခိုင်တိုင်းရင်းသား နယ်မြေ ပြန်လည်တည်ဆောက်ရေးကော်မတီ(ယာယီ)နှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့တို့သည် စက်တင်ဘာလ ၉ ရက်နေ့ နေ့လယ် ၁ နာရီက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး ၀န်ကြီးချုပ်ရုံးခန်း၌ တွေ့ဆုံပြီး ရခိုင်ရေးရာကိစ္စရပ်များကို အလေးအနကထား ဆွေးနွေးခဲ့ကြသည်ဟု သတင်းရရှိသည်။ ၎င်းအစည်းအဝေးသို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်၊ စည်ပင်ဝန်ကြီး ဦးမင်းအောင်၊ လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံ၊ ဘဏ္ဍာ-အခွန်- စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း၊ ရှေ့နေချုပ် ဦးကျော်လှထွန်း၊ ရခိုင်ပြည်နယ် အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေတို့တက်ရောက်ခဲ့ကြသည်။ အနောက်ဘက် နယ်စပ်ဒေသရှိ ရခိုင်အမျိုးသားနယ်မြေ ပြန်လည်တည်ဆောက်ရေးကော်မတီ (ယာယီ) မှ ဒုဥက္ကဋ္ဌ ဦးခင်မောင်ကြီး၊ အတွင်းရေးမှူး ဦးသန်းထွန်း၊ တွဲဘက်အတွင်းရေးမှူး(၁) ဦးခိုင်ဆန်းအောင်၊ တွဲဘက်အတွင်းရေးမှူး(၄) ဦးကျော်သန်း (ကျော်သန်းမွီး)၊ ဦးစံထွန်းမောင်၊ ဦးမောင်မောင်နှင့် ဦးအောင်သိန်းတို့ တက်ရောက်ခဲ့ကြသည်။ ၎င်းတွေ့ဆုံဆွေးနွေးပွဲတွင် ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ်လုံခြံုရေး၊ ဒုက္ခသည်များအား ကူညီစောင့်ရှောက်ရေးနှင့် နေရာချထားရေးစသည့် ကိစ္စရပ်များကို နှစ်ဘက်ခေါင်းဆောင်များအနေဖြင့် အလေးထား ဆွေးနွေးခဲ့သည်ဟု သိရသည်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးညီပုက “ယခု လက်ရှိအခြေအနေမှာ ရခိုင်ပြည်နယ်ရဲ့ နယ်မြေ ဆုံးရှုံးသွားတယ်လို့ မခံယူဘူး။ အခက်အခဲရှိနေတာတွေကို ဘယ်လိုပြန်လည်တည်ဆောက်မလဲ ဆိုတာတွေကို ပြည်ထောင်စု အစိုးရနဲ့ ညှိနှိုင်းလုပ်ဆောင်သွားရမှာ ဖြစ်ပါတယ်။ အခုအချိန်မှာ ဒေသစွန့်ခွာလာတဲ့ တိုင်းရင်းသား ပြည်သူတွေ စိုးရိမ်စိတ်တွေ လွှမ်းမိုးနေသေးတဲ့အတွက် ပြန်လည်နေရာချထားရေးကို သွားလုပ်လို့ မရသေးပါဘူး”ဟု ပြောသည်။ လက်ရှိအခြေအနေတွင် ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေသည့် တိုင်းရင်းသားများ၏ စားဝတ်နေရေး၊ ကျန်းမာရေးနှင့် ပညာရေးကိစ္စရပ်များကို အကောင်းဆုံး စီစဉ်ဆောင်ရွက်နေသည်ဟု ဆိုသည်။ ပြန်လည်နေရာချထားရေးအတွက် စီစဉ်ဆောင်ရွက်ရာတွင်လည်း ကျေးရွာများပြန်လည်တည်ဆောက်ရေးကို လုံရေးအနေအထားအတွက် စနစ်တကျ Master Plan ချ၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ အဆိုပါကိစ္စရပ်များကို ဆွေးနွေးရန် နတလ ပြည်ထောင်စုဝန်ကြီး အပါအဝင် အခြားသက်ဆိုင်ရာ ၀န်ကြီးများလည်း မကြာမီရက်များအတွင်း ရခိုင်ပြည်နယ်သို့ ရောက်ရှိလာမည်ဟု သိရသည်။ “လက်ရှိအနေအထားမှာ စစ်တွေမြို့ပေါ်သာမကဘဲ ဘူးသီးတောင်၊ မောင်တောနဲ့ ရသတောင်မြို့နယ်တွေမှာ ဖွင့်လှစ်ထားတဲ့ ကယ်ဆယ်ရေးခန်းတွေမှာ ခိုလှုံနေကြတဲ့ တိုင်းရင်းသားတွေရဲ့ နေ့တဓူဝ စားဝတ်နေရေး ကိစ္စရပ်တွေကို အစိုးရက ပံ့ပိုးကူညီပြီးတော့ အဲ့ဒီစခန်းတွေကို တာဝန်ယူနေကြသူတွေနဲ့ နေ့တိုင်းဆွေးနွေးတိုင်ပင်ပြီး အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်နေပါတယ်”ဟု လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက ပြောသည်။ ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံနေကြသူများ ပညာရေး၊ ကျန်းမာရေး၊ သန့်ရှင်းရေးကိစ္စများအတွက် အဆင်ပြေစေရန် ကျောင်းသားများကို နီးစပ်ရာကျောင်းများတွင် ကျောင်းအပ်သင်ကြားစေပြီး၊ ကျန်းမာရေးအတွက် ဆေးပေးခန်းများ ထားပေးခြင်း၊ ဆရာဝန်များက စခန်းများသို့ လှည့်လည်ကြည့်ရှုပေးခြင်း၊ လိုအပ်သော အိမ်သာများကိုလည်း အစိုးရထောက်ပံ့မှု ဆောက်လုပ်လျက်ရှိသည့်အပြင် လျှပ်စစ်မီးနှင့် ရေကောင်းရေသန့် ရရှိနိုင်ရေး၊ ဖုန်းလှိုင်းဆက်သွယ်ရေး အဆင်ပြေနိုင်စေရေးအတွက် စီစဉ်ဆောင်ရွက်ပေးနေကြောင်း သိရသည်။ နယ်ရပ်စွန့်ခွာလာသူများသည် မိမိဒေသသို့ ပြန်မသွားဘဲ သူတို့၏ ဆွေမျိုးများရှိနေသည့် နေရာများတွင် ပြန့်ကြဲနေထိုင် သွားကြမည်ကို စိုးရိမ်မိသည်ဟု အနောက်ဘက် နယ်စပ်ဒေသရှိ ရခိုင်အမျိုးသားနယ်မြေ ပြန်လည်တည်ဆောက်ရေးကော်မတီ (ယာယီ) အတွင်းရေးမှူး ဦးသန်းထွန်းက ပြောသည်။ “မောင်တောဒေသဘက်က နယ်ရပ်စွန့်ခွာလာသူတွေဟာ စစ်တွေ၊ ကျောက်တော်၊ မြောက်ဦးမြို့နယ်တွေအပြင် သံတွဲနဲ့ မအီမြို့ဘက်ကိုလည်း မိသားစုအချို့ ရောက်သွားကြပြီလို့ ကြားသိနေရပြီးတော့ သူတို့ရဲ နေရပ်ဒေသသို့ ပြန်သွားချင်စိတ်မရှိတော့ဘဲ သူတို့ဆွေမျိုးတွေ ရှိတဲ့နေရာမှာ သာယာပြီး နေထိုင်သွားကြမယ်ကို စိုးရိမ်ပူပင်မိပါတယ်”ဟု ဦးသန်းထွန်းက ဆိုသည်။ ကယ်ဆယ်ရေးသွားပေးသည့် သူများသည်အပြန်အတွင် ပိတ်မိတ်နေသော ကျေးရွာများမှ ရွာသားများကို ကယ်ထုတ်လာခြင်းများ ပြုလုပ်ခဲ့ကြ၍ အခြားကျန်ရစ်နေသူများ စိုးရိမ်မှုများ ဖြစ်ပေါ်ကာကျေးရွာများကို ဆက်လက်စွန့်ခွာမှုများ ရှိနေသည့်အပေါ်တွင်လည်း သုံးသပ်ဆွေးနွေးခဲ့ကြသည်။ အစိုးရအဖွဲ့အနေဖြင့် ကယ်ဆယ်စခန်းများတွင် ခိုလှုံနေသူများအတွက် စိတ်သက်သာမှု ရရှိစေရန် ဟောပြောမှုများ၊ ဆရာတော်များက တရားများ ဟောကြားခြင်းနှင့်အတူ အားကောင်းမောင်သန် ယောက်ကျားများအနေဖြင့် သူတို့၏ ကျေးရွာများသို့ ပြန်လည်သွားရောက်ကြစေရန် ဟောပြောမှုများကို ပြုလုပ်လျက်ရှိပြီး ကယ်ဆယ်ရေးစခန်းများတွင် ဂီတဖျော်ဖြေမှုများ ပြုလုပ်နိုင်စေရန် စီစဉ်လျက်ရှိကြောင်းသိရသည်။  
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...