Published
Saturday, September 09, 2017
၇၈ နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ကို ရခိုင်ပြည်နယ် မြို့အများအပြားနှင့် ရန်ကုန်မြို့တို့တွင် ကျင်းပ
စက်တင်ဘာ ၉။
၂၀၁၇ ခုနှစ် စက်တင်ဘာလ ၉ ရက်နေ့တွင် ကျရောက်သော ရ၈ နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ကို ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲ၊ တောင်ကုတ်၊ မြောက် ဦး၊ မင်းပြား၊ ကျောက်တော်၊ ရသေ့တောင်၊ ရမ်းဗြဲ၊ ပုဏ္ဏားကျွန်း၊ အမ်း၊ ပေါက်တော၊ မာန်အောင်အပါအဝင် မြို့အများအပြားနှင့် ရန်ကုန်မြို့တွင်လည်း ကျင်းပခဲ့သည်ဟု သိရသည်။
ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့တွင် ကျင်းပသော အခမ်းအနားတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ နံနက် ၆ နာရီတွင် ဆရာတော်များအား ဆွမ်းကျွေးခြင်း၊ နံနက် ၆ နာရီမှ မိုးချုပ်သည့်အထိ ပန်းခွေချခြင်း၊ နံနက် ၉ နာရီမှ ၁၂ နာရီခန့်ထိ ဦးဥတ္တမနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ သုတရေးဖြေပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲတွင် ဆုရရှိသူများကို ဆုချီးမြှင့်ခြင်းနှင့် ရခိုင်လူငယ်စာရေးဆရာ ဝေဟင်အောင်က ဟောပြောခဲ့သည်။
နံနက် ၉ နာရီမှ ၁၂ နာရီထိပြုလုပ်သော အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ၀န်ကြီးတစ်ချို့တက်ရောက်ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေးအတွက် ဆရာတော်၏ ကြိုးပမ်းဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ ၀န်ကြီးချုပ်က ပြောကြားခဲ့သည်။
“ရခိုင်အာဇာနည် ဆရာတော်အရှင် ဦးဥတ္တမဟာ ကျွန်တော်တို့ မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့အတွက် ကိုလိုနီနယ်ချဲ့ အင်္ဂလိပ်ကို တွန်းလှန်ဖယ်ရှားတဲ့နေရာမှာ ဦးဆုံး၊ ဦးစွာ၊ ဦးဆောင်ပြီးတော့ ဆောင်ရွက်နိုင်ခဲ့တဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ် အာဇာနည် ခေါင်းဆောင်တစ်ဦး ဖြစ်ပါတယ်”ဟု ၀န်ကြီးချုပ် ဦညီပုက ပြောကြားခဲ့သည်။
ပန်းခွေချရာတွင် ရဟန်းသံဃာများ၊ သီလရှင်များ၊ နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းအများ၊ ပုဂ္ဂလိကကျောင်းများ၊ ဟိန္ဒူလူမျိုးအပါအဝင် အခြားတိုင်းရင်းသားလူမျိုးများ၊ မြို့နေလူထုနှင့် ကျောင်းသူ ကျောင်းသားများ သောင်းနှင့်ချီ၍ ဂါရဝပြုပန်းခွေ ချခဲ့ကြသည်။
“ဦးဇင်းတို့ဟာ ပူဇာစ ပူဇာစနိယာနံလို့ ဗုဒ္ဓရှင်တော်မြတ် ဟောကြားချက်နဲ့အညီ ပူဇော်ထိုက်သူကို ပူဇော်တဲ့အနေနဲ့ မြန်မာလွတ်လပ်ရေးအတွက်သာမကဘဲ အာရှလွတ်လပ်ရေးအတွက် စွမ်းစွမ်းတမံ တိုက်ပွဲဝင်ခဲ့တဲ့ ဆရာတော်ကို ပူဇော်တဲ့အနေနဲ့ ပန်းခွေချတာပါ”ဟု အကျိတ်တော်ကုန်း အာရက္ခဖောင်ဒေးရှင်း အခမဲ့ပညာဒါနကျောင်း ဆရာတော်ဦးကေသာရက နိရဥ္စရာသတင်းဌာနသို့ မိန့်ကြားသည်။
ပန်းခွေချစဉ် စိတ်ခံစားချက် ဖြစ်ရသည်မှာ ဆရာတော်ဦးဥတ္တမနေ့ရောက်တိုင်း တန်ဖိုးမဖြတ်နိုင်သော ဆရာတော် ဦးဥတ္တမကို အောက်မေ့တမ်းတသည့်အနေနှင့် ၀မ်းနည်းခြင်း၊ ကြေကွဲခြင်းဖြစ်ရသည်ဟု ဆရာတော်က မိန့်ကြားသည်။
ယခုနှစ် ပန်းချီပြိုင်ပွဲနှင့် ဟောပြောပွဲပြိုင်ပွဲများကို မူလတန်း၊ အလယ်တန်း၊ အထက်တန်း အဆင့်သာမက တက္ကသိုလ်အဆင့်ပါ တိုးချဲ့ပြုလုပ်ခဲ့သည်ကို တွေ့ရှိရသည်။
“ကိုယ့်ရခိုင်မျိုးနွယ် အာဇာနည်ခေါင်းဆောင် အရှင်ဥတ္တမကို ဂုဏ်ပြုချင်လို့ ပန်းချီပြိုင်ပွဲမှာ ၀င်ပြိုင်တာပါ။ ၀င်ပြိုင်ခဲ့တာ ဒီနှစ်နဲ့ပါဆိုရင် ၄ နှစ်ရှိပါပြီ။ နှစ်တိုင်းလည်း ဆုရရှိပါတယ်။ ဒီလိုဆုရရှိမှု အပေါ်မှာလည်း ၀မ်းသားဂုဏ်ယူမိပါတယ်”ဟု အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ပထမဆုရရှိသည့် မမေမြတ်နိုးက ပြောသည်။
ရခိုင်ပြည်သူများနှင့် ကျောင်းသူကျောင်းသားများက ဆရာတော်ဦးဥတ္တမနေ့ကို အစိုးရရုံးပိတ်ရက်နေ့အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။
ဦးဥတ္တမနေ့ကို ရုံးပိတ်ရက် အဖြစ် သတ်မှတ်ရန် ပြည်နယ်လွှတ်တော်တွင် အဆိုတင်သွင်းကာ လွှတ်တော်ဆုံးဖြတ်ချက်အရ ပြည်နယ်အစိုးရက အကောင်အထည်ဖေါ်ဆောင်ရွက်သင့်သည်ဟု ရခိုင်လူငယ်စာရေးဆရာ ဝေဟင်အောင်က သူ၏ ဟောပြောမှုတွင် ထည့်သွင်းဟောပြောခဲ့သည်။
မြန်မာနိုင်ငံ၏ လွတ်လပ်ရေး မီးရှူးတန်ဆောင်နှင့် မြန်မာ့နိုင်ငံရေးမျိုးစေ့ကို ချပေးခဲ့သည့် အာဇာနည် အရှင်ဥတ္တမနေ့ အထိမ်းအမှတ် အခမ်းအနားများကို ရခိုင်ပြည်နယ်ရှိမြို့များနှင့် ရန်ကုန်မြို့အပြင် ပြည်ပနိုင်ငံများတွင်လည်း ကျင်းပပြုလုပ်လျက်ရှိကြသည်။







