“ မောင်တော ဘေးပတ်ပတ်လည် နေရာအများအပြားမှာတော့ ဒီကနေ့ နံနက်က စပြီး ပစ်ခတ်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီကနေ့ ညနေပိုင်းမှာတော့ အခြေအနေ တည်ငြိမ်နေပါတယ်။ ဒါပေမယ့် ကြိုးကြား ကြိုကြား ပစ်ခတ်မှုတွေတော့ ရှိနေပါတယ်။ မောင်တောမြို့ထဲကတော့ ကိုယ်လုံခြံုရေးကို ကိုယ်အစီအစဉ်နဲ့ ကိုယ်ယူထားကြပါတယ်” ဟု သူက ပြောသည်။
၎င်းပြင် မောင်တောမြို့ကျသွားပြီ၊ သိမ်းယူသွားပြီဆိုသော သတင်းမှာလည်း မဟုတ်မှန်ကြောင်း၊ မောင်တောဒေသ သတင်းများနှင့် ပတ်သက်ပြီး မတိကျဘဲ မတင်ကြစေလိုကြောင်း သူက ပြောကြားသည်။
ယနေ့ မောင်တော ဖြစ်စဉ်နှင့် ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေးကော်မတီမှ သတင်းထုတ်ပြန်ချက်တွင် အောက်ပါအတိုင်း ဖော်ပြထားသည်။
သြဂုတ်လ ၂၆ ရက် နံနက် ၆ နာရီတွင် အစွန်းရောက်ဘင်္ဂလီ အကြမ်းဖက်သမားများက မြို့သူကြီး ရွာဟောင်းအနီး မောင်တော-ဘူးသီးတောင် ကားလမ်းပေါ်၌ နေအိမ်အတွင်းမှ ကြိုးသွယ်တန်းထားပြီး မိုင်း ၂ လုံး ထောင်ထားခဲ့ရာ လုံခြံုရေးတပ်ဖွဲ့ဝင်များက သိမ်းဆည်းရမိခဲ့သည်။ ၎င်းရွာအနီး၌ အစွန်းရောက်ဘင်္ဂလီ အကြမ်းဖက်သမားများ မှ စတင် ပစ်ခတ်တိုက်ခိုက်မှုကြောင့် လုံခြံုရေးတပ်ဖွဲ့ဝင်များနှင့် အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ခဲ့ရကြောင်း ဖော်ပြထားသည်။
ထို့ပြင် မောင်တောမြို့နယ် မြောက်ပိုင်းရှိ လိပ်ရကျေးရွာတွင် သြဂုတ် ၂၅ ရက်ညပိုင်းက ခေတ္တကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး အကူနှင့် အစိုးရသတင်းပေးဟုသံသယရှိသူတို့အား အစွန်းရောက် ဘင်္ဂလီ အကြမ်းဖက်သမားများက သတ်သွားကြောင်းသိရသည်။
သတ်ဖြတ်ခံရသူများမှာ လိပ်ရကျေးရွာ ခေတ္တအုပ်ချုပ်ရေးမှူး ဆွေတာလောင် ၊ရာအိမ်မှူး ဆိုက်ကူလာ ၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအကူ ဖော်တာတူလာ နှင့် အစိုးရသတင်းပေးသူဟု သံသယရှိသူ အလယ်သံကျော် ကျေးရွာနေ ဇာဟိတ်တူဆောင်း(ဘ) ဆာလေ (၃၇)နှစ်တို့ ဖြစ်ကြောင်းသိရသည်။
အလားတူ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သြဂုတ် ၂၅ ရက် မွန်းလွဲ ၁ နာရီခွဲတွင် နယ်မြေစိုးမိုးရေး ဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ စီးလာသည့် မော်တော်ယာဉ်များ မိုင်းနင်းမိပေါက်ကွဲခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ စီးလာသည့် မော်တော်ယာဉ် ၃ စီးသည် မောင်တောမြို့နယ် နယ်မြေ ၆ အတွင်းရှိ မောင်နှမကြီးကျေးရွာ ရွာလယ်လမ်းမပေါ်အရောက်၌ အစွန်းရောက်ဘင်္ဂလီအကြမ်းဖက်သမားများက ရှေ့နောက်လက်လုပ် ရှော့တိုက်မိုင်းနင်းမိပေါက်ကွဲခဲ့သည်။
ကားများအား မိုင်းထိမှန်ပြီးနောက် အစွန်းရောက် ဘင်္ဂလီအကြမ်းဖက် သမားများမှ လုပ်သေနတ်ဖြင့် စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။
ပစ်ခတ်မှုများဖြစ်ပွားအပြီး အနီးဝန်းကျင်နေရာများသို့ လိုက်လံရှင်းလင်းရာ ပြောင်းဝကျယ် လုပ်သေနတ် ၁ လက်၊ အနီ၊အနက်ဝါယာကြိုးနှင့် ဘက်တ္ထရီ အိုးသေး ၁ လုံးတို့ကို ရှာဖွေသိမ်းဆည်း ရမိခဲ့ သည်။
မိုင်းထိမှန်မှုကြောင့် လုံုခြံုရေးတပ်ဖွဲ့ဝင်များစီးလာသည့် Foton ယာဉ် ၂ စီးမှာ အဲယားကွန်းလေပန်ကာ၊ ဆီတိုင်ကီ နှင့်ကလပ်ပိုက်တို့ ထိခိုက် ပျက်စီးခဲ့ကြောင်းသိရသည်။
မောင်တောမြို့နယ် ရပ်ကွက် ၅ ရှိ ဘင်္ဂလီသီးသန့်အတွင်း ကားလမ်းကြောင်း တစ်လျောက် မောင်တော-မြို့ဦး(အီတလျာ)-သီဟိုဠ်ခြံ သွားကားလမ်းတစ်လျောက် နေရာများတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားလာလှုပ်ရှားမှုအား အဟန့်အတား ဖြစ်စေရန် မိုင်းများထောင်ထားကြောင်း၊ ၎င်းလမ်းတစ်လျောက်အား မိုင်းများ ထောင်ထား၍ မသွားကြရန် အစွန်းရောက် ဘင်္ဂလီအကြမ်းဖက်သမားများမှ ရွာသားများ အား မှာကြားထားကြောင်းသိရသည်။







