အဆိုပါကိစ္စနှင့် ပတ်သက်ပြီး နိရဥ္စရာသတင်းဌာနမှ ဦးတင်နိုင်စိုးအား ဆက်သွယ်ရာ နောက်ထပ် ငွေတောင်းခံထားရသူ ဦးဝင်းတင်နှင့် စကားပြောပါဟု ဖုန်းလွဲပေးသဖြင့် ဆက်လက်မေးမြန်းရာ ဦးဝင်တင်က ယခုလို ပြောကြားသည်။
“ အခု လွွှတ်တော်ကိုယ်စားလှယ်တောင်းတာက ဦးတင်နိုင်စိုးဆီက ကျပ် ၆၅ သိန်းဖြစ်ပါတယ်။ ကျွန်တော်နဲ့ ဦးဝင်းသိန်းဆီကလည်း ၆၅ သိန်းကျပ်တောင်းပါတယ်။ စုစုပေါင်း သိန်း ၁၃၀ ဖြစ်ပါတယ်။ ဦးတင်နိုင်စိုးဆီက ၆၅ သိန်းက ပေးလိုက်ပါပြီ။ ကျန်တဲ့ ၆၅ သိန်းက ဒီလကုန်မှာပေးရမှာ ကျွန်တော်တို့က ပေးရမှာ ဖြစ်ပါတယ်” ဟု ဦးဝင်းတင်က ပြောကြားသည်။
ရခိုင်ပြည်နယ် သံတွဲမြို့နယ် မြပြင်ကျေးရွာ ငှက်ပျောချောင်းဆည် ကွင်းအမှတ်- VT (၃၉) မြေဧရိယာအတွင်းမှ ဦးတင်နိုင်စိုးပိုင် မြေ ၅ ဧက အတွက် ကျပ် (၆၅) သိန်းအား လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်မှ တောင်းခံသဖြင့် ပေးလိုက်ရကြောင်း တိုင်ကြားစာထဲတွင် ဖော်ပြထားသည်။
“ အခု ငပလီမြို့ လင်းသာရပ်ကွက် ငှက်ပျောချောင်ဆည်အနီးမှာရှိတဲ့ မြေပါ။ လယ်မြေက ၅ ဧက၊ တစ်ခြားစိုက်ပျိုးပင်တွေ ဖြစ်တဲ့ သီဟိုရ်၊ ငှက်ပျော၊ ၀ါးပင်နဲ့ ရာသီပေါ်သီးနှံတွေ စိုက်ထားတဲ့ မြေတွေပါ။ စုစုပေါင်း ၁၂ ဧကပါ။ ဦးဝင်းနိုင်တောင်းနေတာက ၁၃ ဧကဖိုးဖြစ်ပါတယ်” ဟု ဦးဝင်းတင်က ပြောသည်။
ဦးတင်နိုင်စိုးနှင့် ဇနီးဖြစ်သူ ဒေါ်လေးလေမွန်တို့သည် ၎င်းမြေ ၅ ဧကကို (၁-၇-၂၀၁၆) နေ့တွင် ၀ယ်ယူခဲ့ကြောင်း၊ ၀ယ်ယူအပြီးတွင် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်မှ ကျပ်ငွေ ၆၅ သိန်းတောင်းခံကြောင်း၊ အကယ်၍ မပေးက အနှောင့်အယှက်ပေးမည် ဖြစ်ကြောင်း၊ ငွေပေးပါက အနှောင့်အယှက် မပေးဘဲ ကူညီမည် ဖြစ်ကြောင်း ပြောဆိုကြောင်း၊ သို့အတွက် (၃၁-၇-၂၀၁၇) နေ့တွင် အသိသက်သေများ ရှေ့မှောက်တွင် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်နိုင်အား ၎င်းငွေ ၆၅ သိန်းကို ပေးအပ်ခဲ့ရကြောင်း တိုင်ကြားစာတွင် ဖော်ပြထားသည်။
“ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ကနေ ဒီတိုင်ကြားစာကို တောင်းထားပါတယ်။ ဒီနေ့ထိတော့ တစ်စုံတစ်ရာ အကြောင်း ပြန်ကြားတာ မရှိသေးဘူး။ ကျွန်တော်တို့က အရင်ပေးကတည်းက သဘောမတူဘဲ ပေးလိုက်ရတဲ့ အတွက် ဒါကို မကျေနပ်တဲ့ အတွက် တိုင်ကြားတာ ဖြစ်ပါတယ်။ မြေစာရင်းမှာ ဦးဝင်းနိုင်က သွားကန့်ကွက်ထားတော့ ဒီမြေက သူ့ကို ပိုက်ဆံ မပေးရင် အရောင်းအဝယ် လုပ်လို့ မရဖြစ်နေတော့ ပေးလိုက်ရတဲ့ သဘောပါ။ မြေစာရင်းလည်း သူ့ဖက်ပါနေတယ်။ ကျေးရွာအုပ်ချုပ်ရေးမှူးလည်း အဲဒီဘက်ပါနေတော့ ကျွန်တော်တို့က လုပ်ရ ကိုင်ရတာ အခက်အခဲ ဖြစ်နေရတာပါ”ဟု ဦးဝင်းတင်က ပြောကြားသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး သံတွဲမဲဆန္ဒနယ်မြေ အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်အား နိရဥ္စရာ သတင်းဌာနမှ သြဂုတ် ၂၂ ရက်နေ့က ဆက်သွယ်မေးမြန်းရာ ၎င်းမြေများမှာ သူ့ဘိုးဘွားပိုင် မြေဖြစ်၍ ရသင့်ရထိုက်သည်ကို တောင်းယူခြင်းသာ ဖြစ်ကြောင်း ပြောကြားသည်။
“ မြေကတော့ ကျွန်တော် ဦးဝင်းနိုင်ရဲ့ မိဘပိုင် လိမ္မော်ခြံကို ရောင်းစားဖို့လုပ်တယ်။ အဲဒါကို ကျွန်တော်က ကန့်ကွက်တာပါ။ မြေဖိုးကို သင့်တော်သလို တောင်းလိုက်တာပေါ့။ မတရား ယူတာတော့ မဟုတ်ပါဘူး။ တန်ဖိုးလည်း မဟုတ်ပါဘူး။ မိဘပိုင် လိမ္မော်ခြံအတွက် ကျွန်တော်ရသင့်ရထိုက်တာကို တောင်းတာပါ” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်က ပြောကြားသည်။
ယခု ငွေတောင်းခံသော မြေမှာ ဦးဝင်းနိုင်၏ ဘိုးဘွားပိုင်မြေမဟုတ်ကြောင်း၊ ဦးဝင်းနိုင်၏ ဘိုးဘွားပိုင်မြေမှာ ငှက်ပျောချောင်းဆည် ရေအောက်ကို ရောက်သွားပြီ ဖြစ်ကြောင်း၊ အာဏာပြ၍ ငွေတောင်းခံခြင်းသာ ဖြစ်ကြောင်း ဦးတင်နိုင်စိုး တို့ဘက်မှ ပြောကြားခြင်းနှင့် ပတ်သက်ပြီး မည်သို့တုန့်ပြန်လိုပါသလဲဟု မေးမြန်းရာ ဦးဝင်းနိုင်က ယခုလို ပြောသည်။
“ အဲဒါက ရွာမှာ ရှေ့မှီ နောက်မှီလူကြီးတွေ ရှိတယ်။ သူတို့ရဲ့ ထွက်ဆိုချက်တွေ လိုတာပေါ့နော်။ ရေအောက်ကို ပါသွားတာလဲရှိတာပေါ့။ တစ်စိတ်တစ်ပိုင်း ပါသွားတယ်။ အပြင်မှာလည်း လိမ္မော်ခြံကြီး ကျန်ခဲ့တယ်လေ။ အဲဒါတွေလည်း ရှိသေးတယ်။ အစိုးရကလည်း လျော်ကြေးပေးထားခဲ့တာမရှိဘူး။ နောက်တစ်ခုက သူတို့က ဒါကို ရောင်စားမယ်။ ရောင်းစားမယ် သိန်း ၁၁၀ နဲ့ ရောင်းစားမယ်။ ကျန်တဲ့လူကိ နစ်နာစေ။သူတို့ဘဲ ရစေ လုပ်နေတာ ဖြစ်ပါတယ်” ဟု ပြောသည်။
၎င်းပြင် လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်မှ မိုးဦးကျတွင် ဥများတွေ့သကဲ့သို့ ဖားဥလား၊ ငါးဥလား မသဲကွဲသေးသဖြင့် အချိန်စောင့်ရန်လိုကြောင်း၊ အချိန်အတိုင်းအတာ တစ်ခုတွင် ဘယ်သူမှားသည်၊ ဘယ်သူမှန်ကို သိရမည်ဖြစ်သဖြင့် အချိန်စောင့်ရန်လိုကြောင်း နိရဥ္စရာသို့ ဖြည့်စွက်ပြောကြားသွားသည်။







