မေယုဒေသလုံခြံုရေးအတွက် ရခိုင်ပြည်နယ်တစ်ခုလုံးအတိုင်းအတာဖြင့် ဆန္ဒဖေါ်ထုတ်မှု အောင်မြင်မှု ရရှိဟုဆို

မေယုဒေသလုံခြံုရေးအတွက် ရခိုင်ပြည်နယ်တစ်ခုလုံးအတိုင်းအတာဖြင့် ဆန္ဒဖေါ်ထုတ်မှု အောင်မြင်မှု ရရှိဟုဆို
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်တို့ ပါ၀င်သော မေယုဒေသ လုံခြံုရေးအတွက် သြဂုတ်လ ၁၃ ရက်နေ့က ရခိုင်တစ်ပြည်နယ် တစ်ခုလုံးအတိုင်းအတာဖြင့် ဆန္ဒဖေါ်ထုတ်မှုရလဒ်သည် အောင်မြင်မှုရှိသည်ဟု ဆန္ဒပြပွဲဖြစ်မြောက်ရေး ဦးဆောင်ကော်မတီမှ တာဝန်ရှိသူများကပြောသည်။

“ဒီနေ့ဆန္ဒပြတာ ရခိုင်တစ်ပြည်နယ်လုံးအတိုင်းအတာနဲ့ ၁၅ မြို့ထိ ဆန္ဒပြခဲ့ပြီး၊ ငလီပါ ပေါင်းလိုက်ရင် ၁၆ မြို့ ဖြစ်ပါလိမ့်မယ်၊ စစ်တွေမှာဆိုရင် အင်အား ၁ သောင်းကျော်၊ သံတွဲမှာလည်း အင်အား သောင်းချီပါ၀င်တယ်။ နောက်မြို့တွေမှာလည်း အင်အား ထောင်ချီပြီးတော့ ပြကြတယ်ဆိုတော့ ကျွန်တော်တို့ ဆန္ဒပြပွဲဟာ အောင်မြင်မှု ရှိတယ်လို့ ပြောနိုင်ပါတယ်”ဟု ဆန္ဒပြပွဲဖြစ်မြောက်ရေး ဦးဆောင်ကော်မတီထဲမှ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ဌေးက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

နိရဥ္စရာမှ ဆက်သွယ်မေးမြန်းချက်အရ စစ်တွေတွင် တစ်သောင်းခန့်၊ မောင်တောနှင့် ဘူးသီးတောင်၊ မင်းပြားတို့တွင် ၃၀၀၀ ခန့်နှင့် ပေါက်တောမြို့နှင့် ရသေ့တောင့်မြို့တို့ တွင် ၁၀၀၀ ခန့် အသီးသီးရှိသည်ဟု သိရသည်။

ရခိုင်ပြည်သူများ၏ လိုလားချက်ကို ရခိုင်ပြည်သူများ ညီညွတ်စွာဖြင့် တောင်းဆိုရာမှ ပြည်ထောင်စု အစိုးရနှင့် ရခိုင်ပြည်နယ် အစိုးရတို့က အသိအမှတ်ပြုလာသည်ဟု ယေဘုယျ သုံးသပ်၍ ရသည်ဟု ဦးအောင်ဌေးက ဆိုသည်။

“ဆန္ဒဖေါ်ထုတ်ဖို့အတွက် အစိုးရကို တင်ပြအသိပေးတဲ့အခါ ရခိုင်ပြည်နယ်အစိုးရက ချက်ချင်း ကြေညာချက် တစ်စောင်ကို ထုတ်ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ ပြည်နယ်အစိုးရက တာဝန်ရှိသူတွေဟာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့ သွားတွေ့ပါတယ်။ နောက်ပြီးတော့ ကာကွယ်ရေးဦးစီးချုပ် မင်းအောင်လှိုင်က ANP က CEC အဖွဲ့ဝင်တွေနဲ့ တွေ့တယ်ဆိုတာတွေဟာ ဒီရခိုင်ပြည်မှာ လူထုဆန္ဒဖေါ်ထုတ်မှုရဲ့ အကျိုးရလဒ်တစ်ခုလို့ သုံးသပ်ထားပါတယ်။”

ရခိုင်ပြည်နယ် ရှိ INGO အဖွဲ့အစည်းများနှင့် ပတ်သက်၍ သြဂုတ်လ ၆ ရက်နေ့က စစ်တွေမြို့ ပြည်လုံးချမ်းသာဘုရားကြီးတွင် လူထုဆွေးနွေးပွဲ ပြုလုပ်ပြီး နောက်တစ်ရက်နေ့တွင် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့အနေဖြင့် INGO အဖွဲ့များကို ခေါ်ယူတွေ့ဆုံမှုများသည် ရခိုင်လူထု အသံကို အစိုးရအနေဖြင့် နားထောင်လာသည်ဟု သုံးသပ်၍ ရကြောင်း သူက ပြောဆိုသည်။

ယင်းအကျိုးဆက်ကြောင့် လက်ရှိရခိုင်ပြည်နယ်အတွင်း ရှိနေသည့် INGO အဖွဲ့အစည်းများသည် ခေတ္တခဏ ငြိမ်သက်နေပြီး သူတို့၏ လုပ်ငန်းများကို ယာယီရပ်ဆိုင်းထားမည်ဟု ထင်မြင်ယူဆကြောင်း ဦးအောင်ဌေးက ပြောသည်။

ဆန္ဒပြပွဲဖြစ်မြောက်ရေး ဦးဆောင်ကော်မတီ၏ ဦးဆောင်ရဟန်းတော်တစ်ပါးဖြစ်သည့် သာသာနာ့ရံသီ ဆရာတော် ဦးဓမ္မိကကလည်း “ဒီနေ့ပြုလုပ်ခဲ့တဲ့ ဆန္ဒပြပွဲဟာဆိုရင် ရခိုင်ပြည်သူ အများအပြားက မြို့အများအပြားမှာ ပူးပေါင်းဆန္ဒပြခဲ့ကြတဲ့အတွက် အများကြီး အောင်မြင်တယ်လို့ ပြောရပါလိမ့်မယ်။ အဲ့ဒီလို အောင်မြင်မှုရှိခဲ့တဲ့အတွက် ဒီဆန္ဒပြပွဲအပေါ်မှာ အများကြီး အားရကျေနပ်မှု ရှိပါတယ်”ဟု နိရဥ္စရာ သတင်းဌာနသို့ မိန့်ကြားသည်။

ယခုလက်ရှိတွင် ရခိုင်ပြည်နယ်သို့ ပြည်ထောင်စုနယ်စပ်ရေးရာဝန်ကြီးလည်း ရောက်ရှိနေပြီး၊ ပြည်ထောင်စု အစိုးရဘက်မှ ဆောင်ရွက်မည့် ကိစ္စရပ်များကို လာမည့် သြဂုတ်လ ၁၄ ရက်နေ့တွင် ဆရာတော်ကြီးများအား လျှောက်ထားမည်ဖြစ်ပြီး၊ အစိုးရ၏ ဆောင်ရွက်မှုအပေါ်တွင် မူတည်ပြီး ရှေ့ဆက်လုပ်ဆောင်မည့် ကိစ္စရပ်များကို ချမှတ်နိုင်ရန် ရဟန်းရှင်လူများက ပြန်လည်စုရုံးပြီး ဆွေးနွေးသွားမည်ဟု ဆရာတော်က မိန့်ကြားသည်။

ဆန္ဒဖေါ်ထုတ်ပွဲတွင် ရခိုင်တစ်ပြည်နယ်လုံးအတိုင်းအတာဖြင့် ၁၆ မြို့တွင် သောင်းဂဏန်းမှသည် ထောင်ဂဏန်းထိ ပါ၀င်မှုရှိသောကြောင့် အထိရောက်ဆုံး ဆန္ဒဖေါ်ထုတ်မှုတစ်ခုဖြစ်သည်ဟု ဦးဆောင်သူများက ပြောကြားသည်။

May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...