Published
Sunday, August 13, 2017
သံတွဲတွင် ကျပ် ၁၄ သိန်းကျော်တန်ဖိုးရှိ WY စိတ်ကြွဆေးပြားများ ဖမ်းမိ
ရခိုင်ပြည်နယ် သံတွဲမြို့ပေါ်တွင် ကျပ် ၁၄ သိန်းကျော်တန်ဖိုးရှိသည့် WY စိတ်ကြွဆေးပြားများကို သြဂုတ်လ ၉ ရက်နေ့၊ ညက ဖမ်းဆီးရမိခဲ့ကြောင်း သံတွဲမြို့မရဲစခန်းမှ ဒုရဲမှူး ကျော်မျိုးထက်က နိရဥ္စရာသို့အတည်ပြုပြောသည်။
“ကျနော်တို့ ၂ မှု ဖမ်းမိပါတယ်။ WY ဆေးပြား ၂၆ ပြားတစ်မှု၊ ၄၇၆ ပြား တစ်မှုပါ”ဟု ဒုရဲမှူး ကျော်မျိုးထက်က ဆိုသည်။
သြဂုတ်လ ၉ ရက်နေ့၊ ည ရ နာရီခွဲခန့်က သံတွဲမြို့၊ ဘုရင့်နောင်လမ်းမပေါ်တွင် လမ်းလျှောက်လာသော မသီရိမွန်ထံမှ WY ဆေးပြား ၂၆ ပြားကို စတင်ဖမ်းမိခဲ့ခြင်းဖြစ်သည်ဟု ရဲက ပြောသည်။
ယင်းနောက် မသီရိမွန် ဝယ်ယူခဲ့သည့် သံတွဲမြို့၊ သစ်ထုတ်လုပ်ရေးလမ်း၊ အမှတ်(၇)ရပ်ကွက်နေ ဦးမြင့်ဌေး၏ နေအိမ်သို့ထပ်မံသွားရောက်ရှာဖွေခဲ့ရာ ဦးမြင့်ဌေး၏နေအိမ်အောက်ထပ်ရှိ သုံးထပ်သားများထားသည့်နေရာမှ Wy စာတမ်းပါ စိတ်ကြွဆေးပြား (၄၇၆)ပြားကို ရှာဖွေဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
“လက်ရှိမှာတော့ ကျနော်တို့ သူတို့နှစ်ယောက်ကို ဖမ်းပြီး ရမန်ယူစစ်ဆေးနေပါတယ်။”ဟုလည်း သံတွဲမြို့မရဲစခန်းမှ ဒုရဲမှူး ကျော်မျိုးထက်က ဆက်ပြောသည်။
စိတ်ကြွဆေးပြားများနှင့်အတူ ငွေကျပ် ၃ သိန်းကျော် ၂ သောင်းကျော်ကိုလည်း ဖမ်းမိခဲ့သည်ဟု ဆိုသည်။







