ပိုက်လိုင်းလျော်ကြေးကိစ္စ ဖြေရှင်းပေးရေး ပိုက်လိုင်း စောင့်ကြည့်ရေးကော်မတီမှ ပြည်နယ်ဝန်ကြီးချုပ်ထံ သွားရောက်တွေ့ဆုံ

ပိုက်လိုင်းလျော်ကြေးကိစ္စ ဖြေရှင်းပေးရေး ပိုက်လိုင်း စောင့်ကြည့်ရေးကော်မတီမှ ပြည်နယ်ဝန်ကြီးချုပ်ထံ သွားရောက်တွေ့ဆုံ
by -
နိရဥ္စရာ
မြန်မာ-တရုတ်ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီ(Myanmar-China Pipeline Watch Committee-MCPWC) ၀င်များမှ စစ်တွေမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုထံ သြဂုတ်လ(၁၀)ရက် နေ့လည်(၁)နာရီခန့်က ပိုက်လိုင်းစီမံကိန်းကြောင့် ထိခိုက်နစ်နာမှုနှင့်ပတ်သက်ပြီး ဖြေရှင်းပေးရေးအတွက် သွားရောက်တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

၀န်ကြီးချုပ်နှင့် တွေ့ဆုံရာတွင် ကျောက်ဖြူ၊ အမ်းနှင့် မန္တလေးတိုင်းမှ မြန်မာ-တရုတ် ပိုက်လိုင်း စောင့်ကြည့်ရေး ကော်မတီဝင်များပါ၀င်ကြောင်းသိရသည်။

အမ်းမြို့နယ်တွင် ပိုက်လိုင်းကြောင့် ပျက်စီးဆုံးရှံုးခဲ့သော မြေယာနှင့်ပတ်သက်ပြီး ပြည်နယ် အစိုးရက လျော်ကြေးပေးရန် အစည်းအဝေးတွင် ဆုံးဖြတ်ထားသော်လည်း MOGEမှ လျော်ကြေး ပေးရမည့်တောင်သူစာရင်းကို မြို့နယ်လျော်ကြေးတွက်ချက်မှု ကော်မတီသို့ တင်ပြလာခြင်း မရှိသေး၍ တွက်ချက်ရန်ခက်ခဲ့နေကြောင်းတင်ပြခဲ့တယ်လို့ ပိုက်လိုင်း စောင့်ကြည့်ရေး ကော်မတီဝင်၊ အမ်းမြို့နယ်ပိုက်လိုင်းရေးရာစောင့်ကြည့်လှုပ်ရှားမှုအဖွဲ့ဥက္ကဌ ကိုမျိုးလွင် ကပြောသည်။

‘‘ ခုတွေ့တာကတော့ MCPWC ခေါင်းစဉ်နဲ့သွားပြီးတွေ့ခဲ့တာပါ။ အမ်းမှာ လျော်ကြေးဖို့အတွက် MOGE ကခုထိ မြို့နယ်လျော်ကြေးပေးရေးတွက်ချက်မှုကော်မတီကို စာရင်းမပို့သေးတဲ့အတွက် အခက်အခဲဖြစ်နေတယ်။ အမ်းမြို့နယ်အုပ်ချုပ်ရေးမှူးက ဇူလိုင်(၃၁)ရက်နေ့ နောက်ဆုံးထားပြီး စာရင်းပေးဖို့ MOGE ကိိုစာနဲ့ အကြောင်းကြားထားပေမယ့် ခုထိ မပို့သေးဘူးလို့တင်ပြခဲ့တယ်။ ၀န်ကြီးကချုပ်ကတော့ သူ့အနေနဲ့ကူညီပေးမယ်။ စာပြန်တင်ပေးပါလို့ပြောတယ်။ ဘယ်နေ့ ဆိုတာ ကိုတော့ တိတိကျကျမပြောဘူး’’ဟု ကိုမျိုးလွင် ကပြောသည်။

ပိုက်လိုင်းစီမံကိန်းကြောင့် လယ်၊ ဥယျာဉ်၊ နေအိမ်ခြံမြေ၊ သုသာန်မြေများ ပျက်စီးမှုနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေးအဖွဲ့၏ တွေ့ရှိချက်များအပေါ် မေလ(၁၆)ရက်နေ့က ပြုုလုပ်ခဲ့သော ရခိုင် ပြည်နယ် အစိုးရအဖွဲ့၏ အစည်းအဝေးတွင် လျော်ကြေးပေးရန်ဆုံးဖြတ်ထားသည်။

ရေနံနှင့်ဓာတ်ငွေ့ပိုက်လိုင်းစတင်တည်ဆောက်တုန်းက အမ်းမြို့နယ်၊ တောင်ဖီလာ ကျေးရွာ အုပ်စုတွင် မြေယာလျော်ကြေး ကျပ်သိန်း(၈၀၀၀)ကျော်တွင် တောင်သူများထံသို့ ရောက်ရှိငွေမှာ ကျပ်သိန်း(၃၀၀၀)ကျော်သာရောက်ရှိခဲ့ပြီး ကျပ်သိန်း(၅၀၀၀)ကျော်ပျောက်ဆုံးနေကြောင်း ထိုလျော်ကြေးငွေကိုလည်း ကူညီဖြေရှင်းပေးဖို့လည်း တောင်းဆိုခဲ့တယ်ဟု ကိုမျိုးလွင် ကပြောသည်။

၂၀၁၅ခုနှစ်၊ ဒီဇင်ဘာ(၄)ရက်နေ့စွဲပါ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အမ်းမြို့၏ စာအမှတ် ၂၅၈၆/၅/၂-၃/ဦး ၁ဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူမှ ထုတ်ပြန် လက်မှတ်ရေးထိုးခဲ့သည့် ထိုထုတ်ပြန်ချက်တွင် (၈၅၆၀၀၀၀၀၀)ကျပ် (ရှစ်ရာ ငါးဆယ် ခြောက်သန်း) ပေးအပ်ခဲ့ပါကြောင်းပါရှိပြီး (၃၀၁၇၅၄၃၃၅)ကျပ် (သုံးထောင် တစ်ဆယ့်ခုနှစ်သိန်း ငါးသောင်းလေးထောင်)ကျပ်ကိုသာပေးအပ်ခဲ့သည်။ လျော်ကြေးငွေပမာဏ ကျပ် (၅၅၄၂၄၅၆၆၅) (ငါးထောင်ငါးရာ လေးဆယ်နှစ်သိန်း လေးသောင်းငါးထောင် ခြောက်ရာခြောက်ဆယ် ငါးကျပ်) ကျပ် ကွာဟနေကြောင်း ကိုမျိုးလွင်ကပြောသည်။

အမ်းမြို့နယ်တွင် ရေနံနှင့်ဓာတ်ငွေ့ပိုက်လိုင်းဖြတ်သန်းမှုကြောင့် မြေယာသိမ်းဆည်းခံရသူများနှင့် မြေယာပျက်စီးဆုံးရှံုးသောသူများတွင် လျော်ကြေးလုံးဝမရရှိသေးသူများနှင့် လျော်ကြေး အပြည့်အဝ မရရှိသေးသူများ ကျန်ရှိနေသေးကြောင်းသိရသည်။

ထို့ကြောင့် လယ်၊ ဥယျာဉ်၊ နေအိမ်ခြံမြေ၊ သုသာန်မြေများ ပျက်စီးမှုနှင့်ပတ်သက်၍ ၂၀၁၆ခုနှစ် သြဂုတ်လ(၁၃)ရက်နေ့ အမ်းမြို့နယ်၊ အမ်းတောင်ကျေးရွာအုပ်စုမှ စတင်ကာ တောင်သူတစ်ဦးချင်း မြေများကို ကွင်းဆင်းတိုင်းတာခဲ့သည်။

အမ်းမြို့နယ်တွင် ကျေးရွာအုပ်စု(၉)ခုနှင့် ကျေးရွာပေါင်း(၄၀)ကျော်ကို ရေနံနှင့် သဘာဝ ဓာတ်ငွေ့ ပိုက်လိုင်းဖြတ်သန်းသွားပြီး လယ်၊ ဥယျာဉ်၊ နေအိမ်ခြံမြေ၊ သုသာန်မြေများပျက်စီးခဲ့သည်။

May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...
May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...