ယခု တွေ့ဆုံမှုသည် သြဂုတ် ၆ ရက်နေ့က စစ်တွေမြို့ရှိ အတုလ မာရဇိန် ဘုရားကြီး ရင်ပြင်၌ ပြုလုပ်ခဲ့သော လူထုအစည်းအဝေးတွင် အန်ဂျီအို တစ်ချို့ကို ရခိုင်ပြည်နယ်တွင် လက်မခံနိုင်တော့ကြောင်း ဆုံးဖြတ်ချက်ချမှတ်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် ရခိုင်ပြည်နယ် အစိုးရ အဖွဲ့မှ စစ်တွေရှိ နိုင်ငံတကာ အန်ဂျီအိုများကို ခေါ်ယူတွေ့ဆုံမှု ဖြစ်သည်။
ယခုကဲ့သို့ အန်ဂျီအိုများနှင့် ပတ်သက်ပြီး စစ်တွေတွင် အစည်းအဝေးမှ ဆုံးဖြတ်ချက် ထွက်ပေါ် လာပြီးနောက် အစိုးရနှင့် အိုင်အန်ဂျီအိုများ အကြား ပြုလုပ်သော အစည်းအဝေးဖြစ်သဖြင့် လူအများက စိတ်ဝင်စားမှုရှိနေကြောင်း သိရှိရသည်။
သို့သော်လည်း အစည်းအဝေး၏ ဆွေးနွေးဆုံးဖြတ်ချက်များနှင့် ပတ်သက်ပြီး ပြည်နယ်အစိုးရမှ တစ်စုံတစ်ရာ ထုတ်ပြန်ကြားခြင်း မရှိသေးကြောင်း သိရသည်။
ရခိုင်ပြည်နယ် အစိုးရ ၀န်ကြီးချုပ် ဦးညီပု၏ ဖေ့စ်ဘုတ် စာမျက်နာတွင်မူ ယခု အစည်းအဝေးသည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရခိုင်ပြည်နယ်ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ(Rakhine Joint Assessment ) မှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်မှု နှင့် စပ်လျှင်း၍ ညှိနှိုင်း အစည်းအဝေး ဖြစ်ကြောင်း ဖော်ပြထားသည်။
အစည်းအဝေးကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး (ECC )ခန်းမတွင် ပြုလုပ်ခဲ့သည်ဟု သိရသည်။ အစည်းအဝေးသို့ လူမှုရေးဝန်ကြီး ဒေါက်တာ ချမ်းသာ၊ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်၊ စိုက်ပျိုး/ မွေးမြူနှင့် သတ္တု ၀န်ကြီး ဦးကျော်လွှင် အပါအဝင် အစိုးရ အရာရှိကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။







