အိမ်မွေးကြက်များသေဆုံးမှုရှိနေကြောင်း ပို့စ်တင်သူ ကျောက်ဖြူတွင် ခေါ်ယူစစ်ဆေးခံရ

အိမ်မွေးကြက်များသေဆုံးမှုရှိနေကြောင်း ပို့စ်တင်သူ ကျောက်ဖြူတွင် ခေါ်ယူစစ်ဆေးခံရ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ ကြက်ခြံများတွင် ကြက်များအလိုလိုနေရင်း သေဆုံးနေပါသည်ဟု [Facebook] ပို့စ်တင်သူကို သက်ဆိုင်ရာမှ ခေါ်ယူစစ်ဆေးခဲ့သည်ဟု သတင်းရရှိသည်။

20431416 1604311942914210 7578600418245163037 nထိုသို့ ခေါ်ယူစစ်ဆေးခြင်းမှာ အဆိုပါ [Facebook] ပို့စ်တင်သူ သတင်းကြောင့် ကြက်နှင့် ကြက်ဥများကို ကျောက်ဖြူတွင် ၀ယ်ယူစားသုံးမှု နည်းပါးသွားရာမှ မွေးမြူလုပ်ငန်းကို ထိခိုက်လာသဖြင့် ကြက်ခြံပိုင်ရှင် ၁၅ ဦးက မြို့နယ် အုပ်ချုပ်ရေးမှူးကို စာရေးတိုင်ကြား၍ ဖြစ်ကြောင်း သိရှိရသည်။

‘‘ကျောက်ဖြူမြို့၊ တောင်ရင်းကျေးရွာ လေယာဉ်ကွင်းအနီး၊ သပြာချိန်ထောင့်၌ အိမ်မွေးကြက်များ အလိုလိုနေရင်း သေဆုံးနေကြောင်းကြားသိရပါသည်’’ဟု သန်းလှိုင် Facebook အကောင့်တွင် ဇူလိုင်လ ၂၉ ရက်နေ့က ရေးသားခဲ့သည်။

ထိုသို့ ရေးသားခဲ့သဖြင့် H1N1သံသယဖြင့် ကျောက်ဖြူတွင် ကြက်နှင့်ကြက်ဥ ၀ယ်ယူစားသုံးသူ လေးပုံ သုံးပုံခန့်ကျဆင်းသွားကြောင်း မွေးမြူရေးလုပ်ငန်းရှင်များမှပြောသည်။

သန်းလှိုင်(Facebook )အကောင့်မှ ရေးသားပြီးနောက်ပိုင်းတွင် စားသုံးသူများ စိုးရိမ်စိတ် ဖြစ်ပေါ်နေပြီး မစားဝံ့ဘဲဖြစ်နေသောကြောင့် ကျောက်ဖြူမြို့၊ တောင်ရင်းကျေးရွာတွင်နေထိုင်သူ အကောင့်ပိုင်ရှင် သန်းလှိုင်အား အရေးယူပေးရန် ကြက်မွေးမြူရေး လုပ်ငန်းရှင်(၁၅) ဦး လက်မှတ်ရေး ထိုးကာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်ထံသို့ ဇူလိုင်လ(၃၀)ရက်နေ့က စာဖြင့် တိုင်ကြားခဲ့သည်။

အဆိုပါတိုင်ကြားစာနှင့်ပတ်သက်ပြီး သတင်းခိုင်မာမှုမရှိဘဲ ကျောက်ဖြူမြို့နယ် စားသုံးသူ လူထုအား လက်ရှိအနေအထားအရ စိတ်တုန်လှုပ်မှုဖြစ်ပေါ်ပြီး ကြက်မွေးမြူရေး လုပ်ငန်းများအား အထူးနစ်နာစေကြောင်း ကြက်ဥ၊ ကြက်သား စားသုံးသူများအနေဖြင့် စိုးရိမ်စိတ်ဖြစ်ပေါ်ပြီး မစားဝံ့ဘဲဖြစ်ပေါ်နေပါသဖြင့် (Facebook )အကောင့်ပိုင်ရှင်အား အရေးယူပေးပါရန် မြို့နယ် အုပ်ချုပ်ရေးမှူးမှ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသို့ ဇူလိုင်(၃၀)ရက်နေ့က ညွန်ကြားခဲ့သည်။

‘‘Facebook အကောင့်ပိုင်ရှင် သန်းလှိုင်ကို ရုံးကိုခေါ်ပြီးတော့ ကျနော်တို့ စစ်ဆေးခဲ့တယ်။ သူ့အကောင့်နေ မည့်သည့်ရည်ရွယ်ချက်နဲ့မှရေးတာမဟုတ် မွေးမြူရေးကြက်ခြံ ပိုင်ရှင်များ ထိခိုက်နစ်နာမှုကို တောင်းပန်ကြောင်း ရေးပေးဖို့ ကတိပြုသွားတယ်။ တစ်ခြားအိမ်မှာ အိမ်မွေးကြက် တစ်ကောင်စီသေတာ သုံးအိမ်ရှိတယ်လို့ နောက်တစ်ယောက်ပြောတာကို သူက ပြန်ရေးတာလို့ပြောတယ်’’ဟု ကျောက်ဖြူမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာကျော်နိုင်ဦး ကပြောသည်။

၎င်း (Facebook)တွင် ရေးသားခဲ့ပြီးနောက် ကြက်နှင့်ကြက်ဥ ၀ယ်ယူစားသုံးသူ ကျဆင်းသွားကြောင်း ကျောက်ဖြူ ကြက်မွေးမြူရေးခြံပိုင်ရှင်တစ်ဦးဖြစ်သူ အရာရှိရပ်ကွက်မှ ကိုခင်မောင်ညွန့်ကပြောသည်။

‘‘အရင်တုန်းကဆိုရင် တစ်နေ့ကို ကြက်ဥတစ်ဥကို ၁၁၀၊ ၁၂၀ ကျပ်နုန်းလောက်နဲ့ ကြက်ဥ(၂၀၀)လောက်ရောင်းရတယ်။ ဥဆုံးတဲ့ ကြက်တွေကိုလည်း အသားစားအဖြစ် ကြက်ဥနဲ့တွဲပြီး ထုတ်ရောင်းရတယ်။ အခုတော့ ကြက်ဥ(၅၀)လောက်ပဲ ရောင်းရတော့တယ်။ ဥဆုံးတဲ့ ကြက်တွေကိုလည်း ၀ယ်မယ့်သူမရှိတော့ဘူး’’ဟုသူကပြောသည်။

ကျောက်ဖြူမြို့နယ်၊ တောင်ရင်းကျေးရွာတွင် ကြက်(၁)ကောင်စီ သေဆုံးတာ (၃)ကောင်နဲ့ ဘဲ(၁)ကောင်သေတယ်လို့သိရပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက သွားရောက်စစ်ဆေးတဲ့အခါ ကြက်မရှိတော့သည့်အတွက် ဘယ်ရောဂါနဲ့သေတယ်ဆိုတာကို မသိလိုက်ရကြောင်း တစ်ခြားကြက်ခြံတွေတော့ ယခုအချိန်ထိ ဘာရောဂါမှ မဖြစ်သေးကြောင်း ဒေါက်တာကျော်နိုင်ဦးကပြောသည်။

H1N1 ရောဂါသတင်းပျံ့နှံကာလဖြစ်တဲ့အတွက် လူတွေစိုးရိမ်နေကြတာဖြစ်သော်လည်း H1N1 ရောဂါမှာ ၀က်နှင့်သာသက်ဆိုင်မှုရှိပြီး ကြက်နှင့်သက်ဆိုင်မှုမရှိကြောင်း H5 N1 ရောဂါသာ ကြက်နှင့်သက်ဆိုင်မှုရှိကြောင်း ဒေါက်တာကျော်နိုင်ဦး ကဆက်လက်ပြောကြားခဲ့သည်။

တိရစ္ဆာန်များတွင် ကူးစက်ရောဂါလက္ခဏာတွေ့ရှိပါက စုံစမ်းစစ်ဆေးရန်အတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနကို သတင်းပေးတိုင်ကြားလိုကြောင်းပြောဆိုခဲ့သည်။

၁၉၉၃ ခုနှစ်၊ တိရစ္ဆာန်ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးဥပဒေ ပုဒ်မ(၂၄) အပိုဒ်(ဂ)တွင် သေဆုံးသော တိရစ္ဆာန်တွင် ကူးစက်ရောဂါလက္ခဏာတွေ့ရှိလျက်နှင့် သက်ဆိုင်ရာသို့ သတင်းပေး တိုင်ကြားရန် ပျက်ကွက်ခြင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ငွေဒဏ်(၅၀၀၀)ကျပ်ဖြစ်စေ၊ ထောင်ဒဏ် (၆)လဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟုဖော်ပြထားသည်။

ကြက်သေဆုံးမှုနှင့်ပတ်သက်ပြီး Facebook တွင်တင်ခဲ့သူ ကိုသန်းလှိုင်က‘‘ ကြက်သေတာက အမှန်တကယ်သေတာပါ။ သက်သေတွေလည်းရှိပါတယ်။ မွေးမြူရေးလုပ်ငန်းရှင်တွေ post ကြောင့် လုပ်ငန်းထိခိုက်တယ်ဆိုပြီး သူတို့ကဖြေရှင်းပေးဖို့တောင်းဆိုပါတယ်။ ဖြေရှင်းပေးရင်တော့ ပြေလည်သွားမယ်လို့ပြောပါတယ်။ ကျနော်ကလည်း မည်သည့်ရည်ရွယ်ချက်နဲ့မှ တင်တာမဟုတ် မွေးမြူရေးသမားတွေကို ထိခိုက်ရင် တောင်းပန်ကြောင်း ပြန်တင်ပေးလိုက်ပါတယ်။ ကျနော်တင်လို့ စီပွားရေးထိခိုက်တယ်ဆိုရင် တောင်းပန်လို့ စားသုံးသူတွေ ပြန်လည်ယုံကြည်လာကြမှာလား။ H1N1 မဟုတ်လို့ ထုတ်ပြန်ပေးမှသာ ယုံကြည်နိုင်မယ်ထင်ပါတယ်’’ဟုပြောသည်။

ကျောက်ဖြူမြို့တွင် ဥစားကြက်မွေးရေးခြံ (၉၀)ခန့်ရှိပြီး H1N1 သံသယဖြင့် အများစုမှာ ရောင်းဝယ်ရေး လေးပုံသုံးပုံခန့် ကျဆင်းသွားကြောင်းသိရသည်။

‘‘ ကြက်ဥ အရောင်းအဝယ်ကျလာတာ လေးငါးရက်ရှိပြီ။ ကြက်အကောင်(၈၀၀)ရှိပါတယ်။ အရင်ကဆိုရင် တစ်နေ့ကို ကြက်ဥ(၄၀၀)လောက်ရောင်းရတယ်။ အခုတော့ လေးပုံသုံးပုံကျဆင်းသွားပါတယ်။ ကြက်စာစရိတ်က တစ်နေ့ကို ကျပ်သုံးသောင်းဖိုးလောက် ပုံမှန်ကုန်ကျပါတယ်။ ကြက်ဥမရောင်းရဘဲ ကြက်စာအတွက် ပုံမှန်သုံးသောင်းဖိုးလောက် နေ့တိုင်းကျွေးနေရတော့ အခက်အခဲဖြစ်လာတယ်’’ဟု တောင်ရင်းကျေးရွာမှ ကြက်မွေးမြူရေးခြံပိုင်ရှင် ဦးတင်အောင်စိုးကပြောသည်။

ကြက်ကောင်ရေ အနည်းငယ်မွေးမြူသောခြံပိုင်ရှင်များထက် ကြက်ကောင်ရေ ထောင်ချီမွေးမြူထားသော ခြံပိုင်ရှင်များတွင် ပိုမိုထိခိုက်ကြောင်းသိရသည်။

ကျောက်ဖြူမြို့နယ်တွင် CP ကုမ္ပဏီမှ ကြက်ခြံ(၁၅)ခြံရှိပြီး CP ကြက်ခြံတစ်ခြံလျှင် အကောင်(၂၀၀၀)ခန့်ရှိကြောင်း ၀ယ်ယူစားသုံးသူကျဆင်းသွား၍ ကြက်အကောင်(၆၀၀)ကို အမ်းမြို့နယ်သို့တင်ပို့ရောင်းချရန် ရောဂါကင်းရှင်းကြောင်း ထောက်ခံစာလာယူခဲ့ကြောင်း ကျောက်ဖြူမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...
January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...