“ရခိုင်ပြည်နယ်ဟာ စိုက်ပျိုးရေးပြည်နယ်တစ်ခုဖြစ်ပါတယ်။ အဲ့ဒါကြောင့် ရခိုင်ပြည်နယ်ရဲ့ အဓိကအသက်သွေးကြောဟာလည်း စိုက်ပျိုးရေးပဲဖြစ်ပါတယ်။ ရခိုင်ပြည်နယ်က လယ်သမားတွေဟာ စိုက်ပျိုးရေးကို လုပ်ကြပေမယ့်နည်းပညာအခက်အခဲ၊ စျေးကွက်အခက်အခဲနဲ့ ဗဟုသုတအခက်အခဲတွေ ရှိကြပါတယ်။ အဲ့ဒီ အခက်အခဲတွေကို တစ်ဘက်တစ်လမ်းက ပံ့ပိုးပေးနိုင်ဖို့အတွက် ဒီကျောင်းကို တည်ဆောက် ဖွင့်လှစ် ပေးသွားမှာ ဖြစ်ပါတယ်”ဟု အဆိုပါ အဖွဲ့၏ တာဝန်ရှိသူတစ်ဦးဖြစ်သူ ကိုဝေဟင်အောင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
အဆိုပါအဖွဲ့အနေဖြင့် လုပ်ငန်းအကောင်အထည်ဖော်ရာတွင် ၆ လ ၊ တစ်နှစ် ကာလတွင် သရုပ်ပြစိုက်ကွင်းများစိုက်ပျိုးပြီး ခေတ်မီနည်းပညာများဖြင့် မွေးမြူရေး လုပ်ငန်းများကို လုပ်ဆောင်သွားမည်ဟု ဆိုသည်။
ပထမအဆင့် စမ်းသပ်စမ်းသပ်ကာလတွင် နွားစားရန် နေဗီယာမြက် စိုက်ပျိုးခြင်း၊ ပဲ၊ ကွမ်းနှင့် ငရုပ်ကောင်းများကို နစ်စနစ်တကျ စိုက်ပျိုးသွားမည်ဖြစ်ပြီး၊ မွေးမြူရေးတွင် ကြက်မွေးမြူရေးနှင့် နွားမွေးမြူရေးများကို လုပ်ဆောင်သွားမည်ဟု ဆိုသည်။
“နောက်ပိုင်းမှတော့ နိုင်ငံတကာက စိုက်ပျိုးရေး ပညာရှင်တွေကို ဖိတ်ခေါ်ပြီးတော့ အဲ့ဒီကျောင်းမှာ သင်တန်းပေးတာတွေ၊ စိုက်ပျိုးရေးနဲ့ပတ်သက်တဲ့ လိုအပ်တဲ့အကူအညီတောင်းတာတွေကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်”ဟု ကိုဝေဟင်အောင်က ပြောသည်။
အဆိုပါကျောင်းတည်ဆောက်နိုင်ရန်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေး မြေနေရာအတွက် အတွက် ပုဏ္ဏားကျွန်းမြို့နယ် သဲတော်၊ ကဏန်းတောင်နှင့် ပြိုင်းတောင်ကျေးရွာကြားတွင် သဲတောင်နှင့် ကဏန်းတောင် ကျေးရွာသားများက မြေဧက ၁၀ ကျော် လှူဒါန်းထားပြီဟု ဆိုသည်။
သင်တန်းကျောင်း ဆောက်လုပ်ရန်အတွက် စေတနာရှင်တစ်ဦးထံမှ အလှူငွေ သိန်း ၃၀ ကျပ်ကို ရရှိထားပြီဖြစ်ကြောင်းလည်း သိရသည်။
သင်တန်းကျောင်းတွင် သင်တန်းသားများကို လက်ခံရာ၌ ရက်တို ရက်ရှည် သင်တန်းအပေါ်တွင် မူတည်ပြီး လက်ခံသွားမည်ဖြစ်ပြီး ရက်တိုသင်တန်းများတွင် အသက်ကိုကန့်သတ်ထားမည် မဟုတ်သော်လည်း ၆ လ၊ တစ်နှစ် ရက်ရှည်သင်တန်းများတွင်မူ တစ်ချို့သင်တန်းများတွင် အသက်အပိုင်းအခြားကို သတ်မှတ်သွားမည်ဟု ဆိုသည်။
“ရခိုင်ပြည်နယ်မှာ စိုက်ပျိုးရေးနဲ့ မွေးမြူရေးကို လုပ်ကြပြီဆိုရင် မိရိုးဖလာလုပ်ကြတာများပါတယ်။ ဒီခေတ်ကြီးမှာ မိရိုးဖလာ လုပ်တဲ့လမ်းစဉ်တွေနဲ့ မရကြတော့ဘူး။ ဒီခေတ်ဟာ နည်းပညာခေတ်ဆိုတော့ နည်းပညာနဲ့ အတတ်ပညာကို ပေါင်းစပ်လုပ်ဆောင်ဖို့ လိုအပ်လာပါပြီ။ ကျွန်တော်တို့အနေနဲ့ ဒီသင်တန်းကျောင်းကို ဖွင့်လှစ်ခြင်းအားဖြင့် နည်းပညာနဲ့ အတတ်ပညာကို ရခိုင်ပြည်နယ်အတွက် တစ်စုံတစ်ရာ ပံ့ပိုးပေးနိုင်လမ့်မယ်လို့ ယုံကြည်ပါတယ်”ဟု ၄င်းက ပြောသည်။
အဆိုပါ စိမ်းလန်းရောင်ခြည် ပဲ့တင်သံအဖွဲ့ကို ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်ရန် စိတ်ဝင်စားသူ ရခိုင်မျိုးချစ်လူငယ် ၂၀ ဦးဖြင့် ဖွဲ့စည်းထားပြီး လုပ်ငန်းများကို အကောင်အထည် ဖော်နိုင်ရန် အဖွဲ့ဝင် တစ်ဦးထံမှ ၂၅ သိန်းကျပ်စီ ထည့်ဝင်ထားကြသည်ဟု သိရှိရသည်။







