ယင်းတွေ့ဆုံပွဲသို့ စစ်တွေမြို့အခြေစိုက် လူမှုအဖွဲ့အစည်း ၂၀ ကျော်က တက်ရောက် ဆွေးနွေးခဲ့ကြသည်။
“ကျွန်တော်တို့ ငြိမ်ချမ်းရေးဆိုင်ရာ အရပ်ဘက် လူမှုအဖွဲ့အစည်းများ တွေ့ဆုံပွဲလုပ်ရတာက အကြောင်းအရင်းက သုံးချက်ရှိပါတယ်။ ပထမအချက်က မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ပေါ်ထွက်လာစေရေး၊ နောက်ပြီးတော့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖေါ်ဆောင်ဖို့ရယ်နဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ကျွန်တော်တို့ တခြားတိုင်းနဲ့ ပြည်နယ်တွေက လူမှုအဖွဲ့အစည်းတွေ ပါ၀င်နေသလို ရခိုင်မှာရှိတဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ ပါ၀င်မှုအခန်းကဏ္ဍကို မြှင့်တင်နိုင်ဖို့အတွက် ဖြစ်ပါတယ်”ဟု ငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ၏ ညှိနှို်င်းဆောင်ရွက်ရေးမှူး ခိုင်ကောင်းစံက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
ယခုပြုလုပ်နေသော တွေ့ဆုံပွဲမှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ပါ၀င်နိုင်ရေးအတွက် မြို့နယ်ကိုယ်စားပြု ကော်မတီဝင် ၉ ဦး၊ နာယက ၅ ဦးနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တစိုက်မတ်မတ်လုပ်ဆောင်မည့် သင်တန်းတက်ရောက်ပြီး ဆင့်ပွားသင်တန်းများပေးနိုင်မည့် သင်တန်းသူ သင်တန်းသား ၅ ဦးကို ရွေးချယ်သွားမည်ဟု သိရသည်။
“ဒီမိုကရေစီ လမ်းကြောင်းကို လျှောက်လှမ်းနေတဲ့ အခုလိုကာလမျိုးမှာ အဘက်ဘက်မှာ ကျဆင်းနေတဲ့ ရခိုင်လူ့ဘောင်အဖွဲ့အစည်း တိုးတက်ရေးအတွက် တစ်ဘက်တစ်လမ်းက လုပ်ဆောင်နေတဲ့ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ရတဲ့အတွက် ၀မ်းသာမိပါတယ်။ အမှန်တရားကို စေတနာ အစစ်အမှန်နဲ့ လုပ်ဆောင်ပြီးတော့ လက်ဆင့်ကမ်း လုပ်ဆောင်သွားကြမယ်ဆိုရင် ရခိုင်ပြည်နယ်ဟာ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ရွှေခေတ်ကို ရောက်ရှိလာမှာဖြစ်ပါတယ်”ဟု ပန်းချီပညာရှင်များအသင်း ဥက္ကဋ္ဌ ပန်းချီရှင်လှက ပြောသည်။
တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် ရခိုင်အမျိုးသမီးကွန်ယက်ဥက္ကဋ္ဌ ဒေါ်ညိုအေးကလည်း ရခိုင်ပြည်နယ်ရှိ အရပ်ဘက်လူမှုအဖွဲ့အစည်းများအနေဖြင့် ပူးပေါင်းလုပ်ဆောင်မှု အားနည်း၍ အရပ်ဘက်လူမှုအဖွဲ့အစည်းများအပေါ် အသိအမှတ်ပြုမှု အားနည်းနေကြောင်း၊ အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းလုပ်ဆောင်မှု အားကောင်းလာလျှင် အသိအမှတ်ပြုမှုကို ခံရလာနိုင်ပြီး တစ်သံတည်းထွက်အောင် ပြုလုပ်လာနိုင်မည်ဟု ဆိုသည်။
၈၈ မျိုးဆက် ရခိုင်လူမှုဖွံ့ဖြိုးရေးအဖွဲ့မှ ခိုင်ဆန်းအောင်က “ဒီကနေ့ ငြိမ်းချမ်းရေးဆိုင်ရာ လူမှုအဖွဲ့အစည်းများ တွေ့ဆုံပွဲကို လုပ်ရတယ်ဆိုတာ ငြိမ်းချမ်းမှု မရှိသေးလို့ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ရရှိနိုင်ဖို့အတွက် ညီညွတ်ရေးတည်ဆောက်ဖို့လိုတယ်။ ညီညွတ်ရေး တည်ဆောက်နိုင်ဖို့ အတွက် တစ်ဖွဲ့နဲ့တစ်ဖွဲ့ တစ်ယောက်နဲ့တစ်ယောက် အသိအမှတ်ပြုဖို့ လိုအပ်တယ်”ဟု ဆိုသည်။
ယင်းတွေ့ဆုံပွဲသို့ ခမီအမျိုးသားနှင့် မြိုမျိုးသားအဖွဲ့အစည်း ကိုယ်စားပြုသူများလည်း တက်ရောက်ခဲ့သည်။
“ကျွန်မတို့ ခမီလူမျိုးတွေကို ခမွီးဆိုပြီးတော့ ခေါ်နေတာကို ကျွန်မတို့ လက်မခံနိုင်ပါဘူး။ ခမီလို့ပဲ ခေါ်စေချင်ပါတယ်။ ကျွန်မတို့ လူမျိုးတွေ အစည်းအဝေးတွေမှာ တက်ရောက်ခွင့် ရလာတဲ့အတွက် ကျွန်မတို့ကို ခမီဆိုပြီး သိလာနေကြပါပြီ။ ရခိုင်လူမျိုးတွေအနေနဲ့လည်း ယခင်ကထက် ရင်းနှီးချစ်ခင်စွာ ဆက်ဆံလာကြတဲ့အတွက် ကျွန်မတို့ ၀မ်းသာမိပါတယ်”ဟု ခမီအင်အားစု ဖောင်ဒေးရှင်းမှ ခမီအမျိုးသမီး ခိုင်ကြည်လှိုင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
ငြိမ်းချမ်းရေးလုပ်ငန်းကော်မတီအတွက် မြို့နယ်ကိုယ်စားပြုကော်မတီ အဖွဲ့ဝင်များကို စစ်တွေမြို့နယ်မှအပ အခြား ၁၆ မြို့နယ်မှ ရွေးချယ်ထားပြီဖြစ်ပြီး၊ ရခိုင်ပြည်လုံးဆိုင်ရာ အရပ်ဘက်လူမှုအဖွဲ့အစည်းများဖိုရမ်ကို ဇန်နဝါရီလ ၂၄-၂၅ တွင် ရခိုင်ပြည်နယ်စစ်တွေမြို့၌ ပြုလုပ်သွားမည်ဖြစ်ပြီး၊ မြို့နယ်တစ်ခုစီမှ ကိုယ်စားလှယ် ရ ဦးကျစီ ဖိတ်ကြားသွားမည်ဟု သိရှိရသည်။







