မစ္စယန်ဟီလီ ရသေ့တောင်မြို့နယ် ကိုးတန်ကောက်နှင့် ချိန်ခါလီရွာသို့ သွားရောက်ပြီး မေးမြန်း စုံစမ်းမှုများ ပြုလုပ်

မစ္စယန်ဟီလီ ရသေ့တောင်မြို့နယ် ကိုးတန်ကောက်နှင့် ချိန်ခါလီရွာသို့ သွားရောက်ပြီး မေးမြန်း စုံစမ်းမှုများ ပြုလုပ်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်ကို ရောက်ရှိနေသည့် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူအခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စရန်ဟီလီသည် ယမန်နေ့ (ဇန်နဝါရီ ၁၄) ရက်နေ့က စစ်တွေမြို့မှ တစ်ဆင့် မေယူမြစ်ကို စပိဘုတ်များဖြင့် ဖြတ်ကျော်ပြီး အစောင့်အရှောက် ထူထပ်စွာလိုက်ပါလာသည့် ကားတန်းကြီးနှင့် အတူ ရသေ့တောင်မြို့နယ် ကိုးတန်ကောက်နှင့် ချိန်ခါလီ ကျေးရွာများသို့ ရောက်ရှိလာခဲ့သည်။

ကိုးတန်ကောက်ကျေးရွာရှိနယ်ခြားစောင့် စခန်းသို့ နံနက် ၁၀ နာရီခန့်တွင် ရောက်ရှိလာရာ အောက်တိုဘာလ ၉ ရက်နေ့ ဖြစ်ပွားခဲ့သော ဘင်္ဂလီအကြမ်းဖက်သမားများ၏ အကြမ်းဖက်ကျူးလွန်မှု ဖြစ်စဉ်ကို မေးမြန်းခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းတင်စိုးက ပြောသည်။

ကိုးတန်းကောက်စခန်း တွေ့ဆုံ မေးမြန်းရာသို့ ကိုယ်တိုင်တက်ရောက်ခဲ့သူ ကိုးတန်ကောက် ကျေးရွာမှ အရပ်လူကြီး တစ်ဦးဖြစ်သူ ဦးအောင်ကျော်အေးက “ မစ္စယန်ဟီလီ မေးတာက စခန်းဘယ်လို တိုက်ခိုက်ခံရတယ်။ ဘယ််လောက်သေတယ်။ ဘယ်လိုဝင်လာတယ် စသဖြင့် မေးမြန်းတာကို ကြားရပါတယ်။ စခန်းတာဝန်ရှိသူတွေက အုပ်စု သုံးစွဲခွဲပြီး ၀င်လာတယ်။ ဓားတွေ၊ လှံတွေနဲ့ တိုက်ခိုက်တယ်။ အကြမ်းဖက်သမား တစ်ဦးသေတယ်။ နှစ်ဦး အရှင်ဖမ်းမိတယ်။ ဒီဘက် နယ်ခြားစောင့်ရဲက တစ်ဦးကျဆုံးတယ်။ နှစ်ဦးဒဏ်ရာရတယ်ဆိုပြီး ပြန်ပြောပါတယ်။ ဒီလိုဘဲ မေးတာ ပြန်ဖြေတာကို ကြားရပါတယ်” ဟု သူက ပြောသည်။

njr1601p
မစ္စယန်ဟီလီနှင့် ချိန်ခါလီရွာသို့ ရောက်လာသော ယာဉ်တန်းကို တွေ့ရစဉ်/ ဓာတ်ပုံ- နိရဥ္စရာ

မစ္စယန်ဟီလီနှင့် အဖွဲ့သည် ကိုးတန်ကောက် စခန်းတွင် တွေ့ဆုံမေးမြန်းပြီးနောက် ချိန်ခါလီ ရခိုင်ကျေးရွာသို့ သွားရောက်ပြီး အမျိုးသမီးများနှင့် တွေ့ဆုံ မေးမြန်းခဲ့သည်။

တွေ့ဆုံ မေးမြန်းသည်များကို ပြန်လည် ဖြေကြားခဲသူ ရွာသူ မခင်မာသန်းက “ ကျွန်မတို့ကို မေးတာက အခုလက်ရှိ အခြေအနေ ဘယ်လိုရှိလဲ။ အန်ဂျီအိုတွေက ကူညီတာ ရှိသလား။ စီးပွားရေး အခြေအနေတွေက ဘယ်လိုရှိသလဲ စသဖြင့် မေးပါတယ်။ ကျွန်မ ပြန်ဖြေတာက အရင်နဲ့ စာရင် အခြေအနေ အေးဆေးသွားပြီ။ နှစ်ဖက် လူမှု အသိုင်းအဝိုင်းအနေနဲ့ ဘာပြဿနာမှ လောလောဆယ်မရှိဘဲ လုပ်ကိုင်စားသောက်နေကြပြီ ဆိုပြီး ပြန်ဖြေလိုက်ပါတယ်” ဟု ပြောသည်။

မစ္စယန်ဟီလီအနေဖြင့် အမျိုးသမီးများကို သက်သက် ခေါ်ယူပြီး တွေ့ဆုံ မေးမြန်းခြင်းမှာ လက်ရှိ မောင်တောမြို့နယ် တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး အမျိုးသမီးများ၏ အမြင်များကို သိရှိလို၍ မေးမြန်းခြင်း ဖြစ်နိုင်ကြောင်း မခင်မာသန်းက ပြောသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူအခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စရန်ဟီလီနှင့် အဖွဲ့သည် ရခိုင်ပြည်နယ် လုံခြံုရေးနှင့် နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီးထိန်လင်း လိုက်ပါလျက် အစောင့်ရဲတပ်ဖွဲ့များနှင့် အတူ ချိန်ခါလီ ဘင်္ဂလီ ဒုက္ခသည် စခန်းသို့ သွားရောက်ခဲ့ပြီး ယင်းမှ တစ်ဆင့် ဘူးသီးတောင်အကျဉ်းထောင်သို့ သွားရောက်ခဲ့ပြီး မောင်တောတွင် ညဥ့်အိပ်ရပ်နားနေကြောင်း သိရသည်။

(မစ္စယန်ဟီလီနှင့် ချိန်ခါလီရွာသို့ ရောက်လာသော ယာဉ်တန်းကို တွေ့ရစဉ်/ ဓာတ်ပုံ- နိရဥ္စရာ)

May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...