ဇန်နဝါရီလ ၅ ရက်နေ့၊ နေ့လယ်ပိုင်းက မဟာမြတ်မုနိဘုရားပရဝုဏ်အတွင်းတွင် ပြုလုပ်ခဲ့သည့် မြို့နယ်သံဃာ့နာယကအဖွဲ့ဝင်ဆရာတော်ကြီးများနှင့် မဟာမြတ်မုနိဘုရားဂေါပကအဖွဲ့အပါအဝင် မြို့မိမြို့ဖများနှင့်ဒေသခံများ တွေ့ဆုံပွဲတွင် ယခုကဲ့သို့ ဆုံးဖြတ်လိုက်ကြခြင်းဖြစ်သည်။
“ဒီလ ၁၂ ရက်နေ့(ပြာသိုလ်လပြည့်နေ့)မှာ စပြီးခွာချဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီကြားထဲမှာတော့ မန ္တလေးက ရွှေခွာဖို့ ပညာရှင်တွေနဲ့ ဆက်သွယ်ပြီးတော့ သူတို့တွေကို ခေါ်ဖို့စီစဉ်နေကြပါပြီ”ဟု တွေ့ဆုံပွဲသို့တက်ရောက်ခဲ့သူ ကျောက်တော်မြို့ခံ ကိုထွန်းထွန်းအောင်က နိရဥ္စရာသို့ ပြောသည်။
မဟာမြတ်မုနိဘုရားဆင်းတုတော်တွင် ကပ်လှူပူဇော်ထားသည့်ရွှေဆိုင်းများကို ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် မင်္ဂလာရှိသည့်အချိန်တွင် ဆင်းတုတော်အား မရွှေ့မပြောင်းဘဲ ဘာသာရေး ထုံးတမ်းစဉ်လာများဖြင့် ခွာယူသွားမည်ဟုလည်း သိရသည်။
“ခွာလို့ရလာတဲ့ ရွှေတွေကိုတော့ ဘာလုပ်မယ်ဆိုတာ မဆွေးနွေးခဲ့ကြဘူး။ ဒါပေမယ့် ဘုရားရဲ့ဦးခေါင်းတော်မှာပူဇော်ထားတဲ့ လက်ဝတ်လက်စားတွေကိုတော့ ကျည်ကာမှန်နဲ့ အသေအချာထိန်းသိမ်းပြသထားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်”ဟု ကိုထွန်းထွန်းအောင်က ဆက်ပြောသည်။
ရွှေခွာရန်အတွက် မန ္တလေးမှ နည်းပညာရှင် ၄ ဦးအား ရခိုင်ပြည်နယ်အစိုးရက ဆက်သွယ်ခေါ်ယူသွားမည်ဟုလည်း သိရသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး မဟာမြတ်မုနိဘုရားဂေါပကအဖွဲ့ဝင် ဦးစံလှဖော်က “ရွှေတွေကို ခွာလိုက်ပြီးတဲ့နောက် ဘုရားကို ရွှေကပ်ခွင့်ပြု/မပြုဆိုတာကတော့ မြို့နယ်သံဃာ့ နာယက ဆရာတော်ကြီးတွေနဲ့ လူထုသဘောထားကို ရယူရမှာဖြစ်ပါတယ်။”ဟု နိရဥ္စရာသို့ပြောသည်။
ရခိုင်တို့၏ တန်ခိုးကြီး သမိုင်းဝင် မဟာမြတ်မုနိဘုရားဆင်းတုတော်ကို ရွှေကပ်ပူဇော်လိုက်သည့််အတွက် ဆင်းတုတော်၏ ရုပ်ဆင်းသဏ္ဍာန်ပျက်စီးယိုယွင်းလာသည်ဟုဆိုကာ ရခိုင်အများစုက ရွှေကပ်လှူပူဇော်ခွင့်မပြုရန် တောင်းဆိုနေကြသည်။







