ရွှေမောင်းတန်း ရွှေ ၄ ကျပ်သားထိ ချီးမြှင့်မည့် စစ်တွေ ပြည်နယ်ကျင်ပွဲ ကျင်သန်ပေါင်း ၃၀၀ ကျော်ဝင်ပြိုင်

ရွှေမောင်းတန်း ရွှေ ၄ ကျပ်သားထိ ချီးမြှင့်မည့် စစ်တွေ ပြည်နယ်ကျင်ပွဲ ကျင်သန်ပေါင်း ၃၀၀ ကျော်ဝင်ပြိုင်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် စစ်တွေမြို့ ၀င်္ကဘာကွင်းတွင် ဒီဇင်ဘာလ ၁၆ ရက်နေ့မှ စတင်ကျင်းပလျက်ရှိသော (၄၂) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် ရခိုင်ရိုးရာ ကျင်ပွဲတွင် ကျင်သန်ပေါင်း ၃၀၀ ကျော် ပါ၀င်ယှဉ်ပြိုင်လျက် ရှိကြောင်း သိရသည်။

ရွှေမောင်းတန်းတွင် ပထမဆုကို ရွှေ ၄ ကျပ်သားနှင့် ငွေမောင်းတန်းတွင် ပထမဆုရသူကို ရွှေ ၃ ကျပ်သားထိ ချီးမြှင့်မည်ဖြစ်ရာ ကျင်သန်များ အကြိတ်အနယ် ယှဉ်ပြိုင်နေကြသည်ဟု သိရသည်။

ရွှေမောင်တန်းတွင် နာမည်ကြီး ကျင်သန်များဖြစ်ကြသည့် မောင်မောင်စိုး (ကျောက်တော်)၊ ထွန်းလင်းအောင် (ကျောက်ဖြူ)၊ ဥသြချေ (မင်းပြား)၊ ဌေးမင်းစိုး၊ အောင်သန်းဌေး၊ ချစ်နိုင်၊ မောင်ထွန်းအောင်၊ ကျော်ဝင်းနှင့် မင်းမင်းထွန်း (ပေါက်တော) တို့ ဖြစ်သည်။

ငွေမောင်းတန်းတွင် ပါ၀င်ယှဉ်ပြိုင်သည့် ကျင်သန် ဦးရေ ၃၂၀ ဦးထိ ရှိပြီး ထိုသို့ ကျင်သန်များ အရေအတွက်တိုးလာခြင်းမှာ ရခိုင်ရိုးရာကျင်လောက ဖွံ့ဖြိုးတိုက်းတက်လာမှု၏ သင်္ကေတ တစ်ရပ်ဖြစ်ကြောင်း ကျင်သန်ကြီးများက ပြောဆိုသည်။

“ဒီနှစ် ရွှေမောင်းတန်းအတွက် အကြိတ်အနှယ် ယှဉ်ပြိုင်ရမယ့်သူကတော့ ကျောက်ဖြူက ကျင်သန် ထွန်းလင်းအောင် ဖြစ်ပါတယ်။ ဒီနှစ်မှာတောင် ပွဲ ၄ ပွဲ ကိုင်လာပြီးတော့ ရွှေမောင်း ၄ လုံး ရရှိပါပြီ။ တစ်လုံးကတော့ ကျောက်တော်က မောင်မောင်စိုးနဲ့ ပူးတွဲ ချန်ပီယံပါ။ ကျွန်တော့်ရဲ့ ဆရာတွေကတော့ အကိုဖြစ်တဲ့ ပေါက်တောမြို့နယ် သဝင်ချောင်းကျေးရွာက ဦးသန်းမြင့်နဲ့ မင်းပြားမြို့နယ်က ဥသြချေ တို့ ဖြစ်ကြပါတယ်”ဟု ရွှေမောင်း ၃၁ လုံး၊ ငွေမောင်း ၁၇ လုံးရရှိထားသူ ပေါက်တောမြို့နယ် သဝင်ချောင်းကျေးရွာမှ မင်းမင်းထွန်းက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ကျင်ပွဲများတွင် မိမိထက် အားကြီးသော ကျင်သန်များနှင့် အကြိတ်အနှယ် ယှဉ်ပြိုင်ရသည့် ပွဲများရှိသည့်အပြင် မိမိဆရာနှင့် ယှဉ်ပြိုင်ရသည့် ပွဲများလည်း ရှိသည်ဟု ဆိုသည်။

“မိမိထက် အားကြီးတဲ့ ကျင်သန်တွေနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ ပွဲတွေလည်း ကြံုဖူးပါတယ်။ အဲ့ဒီကျင်သန်တွေကတော့ ဌေးမင်းစိုး၊ မောင်မောင်စိုးနဲ့ ကျောက်ဘီလူးတို့ ဖြစ်ပြီးတော့ ရွှေမောင်းကို ခက်ခက်ခဲခဲ ရရှိခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်က မဟာမုနိပွဲမှာဆိုရင်လည်း ပုဏ္ဏားကျွန်းမြို့နယ်က အောင်သန်းဌေးနဲ့ ယှဉ်ပြိုင်ခဲ့ရပြီးတော့ ရွှေမောင်းကို ရရှိခဲ့ပါတယ်။ တစ်ခါတစ်လေ ကိုယ့်ကို သင်ပေးတဲ့ ဆရာတွေနဲ့ ရွှေမောင်းလုရတာလည်း ကြံုဖူးပါတယ်။ ဆရာတွေကလည်း တပည့်နာမည်ရအောင်ဆိုပြီးတော့ အရှုံးပေးပြီး တပည့်တွေကို တင်ပေးကြပါတယ်”ဟု ၁၀ နှစ်တိတိကျင်ကိုင်လာပြီး ရွှေမောင်း အလုံး ၁၀၀ ခန့် ရရှိထားပြီဖြစ်သည့် မင်းပြားမြို့နယ်မှ ဥသြချေက ပြောသည်။

ဥသြချေသည် ကျင်အပြင် နပန်းတွင်လည်း နိုင်ငံအဆင့် ရွှေတံဆိပ် ရရှိထားသူဖြစ်သည်။

“ဒီနှစ်အတွက်တော့ ဒီပွဲဟာ ကျွန်တော့်အတွက် ပထမဆုံး ယှဉ်ပြိုင်မယ့်ပွဲပါ။ နပန်း သွားပြိုင်တာတော့ နိုင်ငံအဆင့် ရွှေတံဆိပ် တစ်ဆု ရရှိထားပြီးပါပြီ။ ရခိုင်ပြည်နယ်က နပန်းသမားတွေက ကျင်ပညာ အခြေခံပါပြီးတော့ ကိုယ့်ထက် အလေးချိန်များတဲ့သူတွေကို ယှဉ်ပြိုင်လာရတဲ့အတွက် အခြားပြည်နယ်က နပန်းသမားတွေနဲ့ ယှဉ်ပြိုင်ရတဲ့အခါ အားသာချက်ရှိပါတယ်”ဟု ဥသြချေက ပြောသည်။

ကျင်ကိုင်ရာတွင် ကျင်သန်တစ်ယောက်အနေဖြင့် အသက် ၃၄ နှစ်မှ ၃၈ နှစ်အထိသာ ပါ၀င်ယှဉ်ပြိုင်နိုင်ကြပြီး၊ အသက် ၄၀ အရွယ်ထိ ပါ၀င်ယှဉ်ပြိုင်နိုင်ကြသည့် ကျင်သန်များမှာ မရှိသလောက်ဖြစ်သည်ဟု ဆိုသည်။ ယင်းသို့ဖြစ်ရခြင်းမှာ အသက်အရွယ် ကြီးလာသည့် ကျင်သန်များအနေဖြင့် လျင်မြန်မှုတွင် တက်သစ်စ ကျင်သန်များကို မယှဉ်နိုင်၍ဖြစ်သည်ဟု ရွှေမောင်းတန်း ကျင်သန်များထံမှ သိရှိရသည်။

January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...
January 19, 2026
ခိုင်လူလှ (ရိုးမမြေ)— လွန်ခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်က စစ်ကော်မရှင်က မူးယစ်ဆေးဝါးနဲ့...