“ဒီစီမံကိန်းဟာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ဖို့အတွက်ကို အဓိက မျှော်မှန်းပြီး ရေးဆွဲ ထားတာဖြစ်ပါတယ်။ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ လုပ်မှာဖြစ်သလို တဘက်ကလည်း အကူအညီ အထောက်အပံ့တွေ၊ ချေးငွေတွေနဲ့ ဆောင်ရွက်မှာ ဖြစ်တဲ့ အတွက် ဒီစီမံကိန်းကို ပြည်ထောင်စုက အတည်ပြုပြီးရင် အကောင်အထည်ဖေါ် ဆောင်ရွက်ပြီးတော့ ပြည့်ပြည့်ဝဝ လုပ်နိုင်ရင်တော့ ရခိုင်ပြည်နယ်ဟာလည်း အတိုင်းအတာတစ်ခုထိ ဖွံ့ဖြိုးတိုးတက်လာပြီးတော့ ဆင်းရဲမှုအနေအထားလည်း လျော့နည်း ကျဆင်းလာမယ်လို့ မျှော်မှန်းထားပါတယ်” ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်းက အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားသည်။
၎င်းစီမံကိန်းကို အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်ရန် အလားအလာ ကောင်းများ ရှိနေကြာင်း၊ ဘတ်ဂျက်အနေအထား အားဖြင့်လည်း အစိုးရက ဘတ်ဂျက်များလည်း ရှိကြောင်း၊ ရင်းနှီးမြှုပ်နှံမှု အနေအထားတွင်လည်း စစ်တွေတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ရှိလာနေပြီဟု သူက ဆိုသည်။
“ဒီစီမံကိန်းပြီးရင်တော့ နိုင်ငံတကာ အဖွဲ့အစည်းတွေကိုလည်း ခေါ်ပြီးတော့ ရှင်းပြဖို့ရှိပါတယ်။ နိုင်ငံတကာဆိုပေမယ့် ကျွန်တော်တို့ရဲ့ ဖွံ့ဖြိုးမှု မိတ်ဘက် အဖွဲ့အစည်းတွေပေါ့နော်၊ အဲ့ဒီအဖွဲ့အစည်းတွေကို ရှင်းလင်းပြီးတော့မှ သူတို့ရဲ့ အကူအညီတွေနဲ့ ကျွန်တော်တို့ နောက် ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ ငွေကြေးအဖွဲ့အစည်းတွေဖြစ်တဲ့ ကမ္ဘာ့ဘဏ်တွေကလည်း ကျွန်တော်တို့က အကူအညီတွေ ရယူပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု ဦးကျော်အေးသိန်းက ပြောသည်။
နိုင်ငံတကာအနေဖြင့် ယခုစီမံကိန်းကို အထူးစိတ်ဝင်စားကြကြောင်း၊ စီမံကိန်းမပြီးသေး၍ နိုင်ငံတကာ အဖွဲ့အစည်းများအနေဖြင့် စောင့်ဆိုင်း နေခြင်းသာဖြစ်သည်ဟု ဆိုသည်။
သို့သော် မြေပုံမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းကမူ ရခိုင်ပြည်နယ်အတွက် ပြည်ထောင်စုက ချပေးထားသော ဘတ်ဂျက်ငွေသည် လုံလောက်မှု မရှိသဖြင့် ရခိုင်ပြည်နယ် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းသည် နှောင့်နှေးကြန့်ကြာနိုင်သည်ဟု ထောက်ပြဝေဖန်လိုက်သည်။
“ကျွန်တော်တစ်ခုပြောချင်တာက ယခုလာဖို့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေး နှစ်မှာ ရခိုင်ပြည်နယ်အတွက် ပြည်ထောင်စုကချပေးတဲ့ ဘတ်ဂျက်ဟာ ၁၄၂ဒသမ၃၉၃ ဘီလီယံ ရှိတယ်။ ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံထဲမှာ ဒုတိယအဆင်းရဲဆုံး ပြည်နယ်တစ်ခုဖြစ်ပါတယ်။ ဒီအတိုင်းသွားမယ် ဆိုရင်တော့ ကျွန်တော်တို့ ရခိုင်ပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု အလွန်တရာ နှောင့်နှေးကြန့်ကြာမယ်လို့ ထင်ပါတယ်” ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
အဆိုပါစီမံကိန်းအတွက် နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုနှင့် ပံ့ပိုးကူညီမှုများကို ရယူမည်ဖြစ်သော်လည်း နိုင်ငံတကာ အဖွဲ့အစည်းများ ကူညီဆောင်ရွက်မှုများ၌ အလွန်တရာမှ အားနည်းနေမှုများကို တွေ့ရှိရကြောင်း၊ အမှန်တကယ် ထိရောက်သည့် လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရာ၌ ပြည်နယ်အစိုးရနှင့် ရခိုင်ပြည်နယ်ရှိ လူမှုအဖွဲ့အစည်းများနှင့် စနစ်တကျ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်ဟု ၄င်းက ပြောသည်။
ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ အဆက်ဆက်မှ စီမံကိန်း အများအပြားကို ရေးဆွဲပြီး လုပ်ဆောင်နေကြောင်း လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့သော်လည်း ရခိုင်ပြည်နယ်၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုမှာ လက်တွေ့တွင် တစ်စုံတစ်ရာ တိုးတက်မလာသည့်အပြင် ဆုတ်ယုတ်မှုသာရှိလာသဖြင့် ရခိုင်ပြည်သူလူထု အနေဖြင့် အစိုးရ၏ စီမံကိန်းများအပေါ် ယုံကြည်မှု အလွန်နည်းပါးနေသည်ဟု သိရှိရသည်။
ယခု ရခိုင်ပြည်နယ် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း မူကြမ်း (၂၀၁၇-၂၀၂၁) တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ သဘာဝ ပတ်ဝန်းကျင် ရေရှည်တည်တံ့ရေး၊ ပညာရေး ကျန်းမာရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလာရေး၊ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသေးစားနှင့် အလတ်စား စက်မှုဇုံများပေါ်ထွန်းရေးတို့ကို အဓိက ဦးစားပေးရေးဆွဲထားသည်ဟု သိရှိရသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ ရခိုင်ပြည်နယ် အစိုးရ ၀န်ကြီးချုပ် ဦးညီပုနှင့် ၀န်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြ သည်ဟု သိရသည်။







