ရခိုင်ပြည်နယ် လွှတ်တော် အရေးပေါ်အစည်းအဝေး (၂/၂၀၁၆) တတိယနေ့ အဖြစ် ဒီဇင်ဘာ ရ ရက်နေ့တွင် ပြုလုပ်သော ပြည်နယ်လွှတ်တော်တွင် ဘဏ္ဍာငွေအရ အသုံးခန့်မှန်းခြေစာရင်း လျာထားချက်ကို ဆွေးနွေးရာတွင် လွှတ်တော် ကိုယ်စားလှယ် ၁၀ ဦးက ထိုသို့ အကြံပြု ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
“ဒေသဖွံ့ဖြိုးရေးအတွက် တိုက်ရိုက် အထောက်အကူပြုနိုင်တဲ့ လမ်းပန်းဆက်သွယ်ရေးအတွက် ဘဏ္ဍာငွေ ခွဲဝေလျာထားမှုဟာ ၂၀ ရာခိုင်နှုန်းသာရှိပြီးတော့ အစိုးရဝန်ထမ်းအိမ်ယာ ဆောက်လုပ်ရေးမှာ ကျပ်သန်း ၁၅၀၀ သုံးစွဲမယ်ဆိုတာ မဖြစ်သင့်ပါဘူး။ ဖြစ်နိုင်မယ်ဆိုရင် လမ်းပန်းဆက်သွယ်ရေးအတွက် ၅၀ ရာခိုင်နှုန်းထိ သုံးသင့်ပြီးတော့ ၀န်ထမ်းအိမ်ယာ ဆောက်လုပ်ရာမှာလည်း နောင်အနာဂတ်အတွက် စနစ်တကျ Plan ချပြီးတော့ လုပ်သင့်ပါတယ်။ အိမ်ယာတွေကိုလည်း တစ်ထပ်ဆောင် မဟုတ်ဘဲ ၃ ထပ်ဆောင်၊ ၄ ထပ်ဆောင် ပုံစံမျိုး ဆောက်လုပ်သင့်ပါတယ်”ဟု ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဇော်မြင့်က တင်ပြဆွေးခဲ့သည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် ပြည်နယ်အစိုးရအတွက် သုံးစွဲရန် လျာထားငွေမှာ ၅၀ ဘီလီယံကျပ်ခန့်ရှိသည်ဟု ဆိုသည်။
ပြည်ထောင်စုမှ ပြည်နယ်အတွက် ဘတ်ဂျက်ချပေးရာတွင် ယင်းပြည်နယ်မှထွက်သည့် သယံဇာတများမှ ရရှိငွေများကိုလည်း ခွဲဝေချပေးသင့်သည်ဟု ဆွေးနွေးခဲ့ကြသည်။

“ယခု ပြည်ထောင်စုက ချပေးလိုက်တဲ့ ဘတ်ဂျတ်ဟာ မြန်မာနိုင်ငံမှာ ဒုတိယ အဆင်းရဲဆုံးဖြစ်နေတဲ့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးအတွက် ထိထိရောက်ရောက် လုပ်နိုင်မှာ မဟုတ်ပါဘူး။ ပြည်နယ်အတွက် ဘဏ္ဍာငွေချပေးတဲ့အခါမှာ အဲ့ဒီပြည်နယ်က ထွက်တဲ့ သယံဇာတတွေက ရရှိတဲ့ငွေတွေကလည်း ခွဲဝေ ထည့်ပေးသင့်ပါတယ်” ဟု မြေပုံမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းကပြောသည်။
ရခိုင်ပြည်နယ်အတွက် ဘတ်ဂျတ်ခွဲဝေရာတွင် မလိုအပ်သည့်နေရာများတွင် ခွဲထားမှုများကို တွေ့ရှိရပြီး ယင်းဘတ်ဂျတ်များကို လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍအတွက် ထည့်သွင်းအသုံးပြုသင့်ကြောင်း၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍကို ပြည်ထောင်စုက တိုက်ရိုက်ကိုင်တွယ်သော်လည်း ကျန်းမာရေးကဏ္ဍတွင် ကျေးရွာဆေးပေးခန်းတွင် တာဝန်ကျ ဆရာမများအတွက် အဆောင်ဆောက်ပေးခြင်း၊ ကျောင်းဆရာ ဆရာမများအတွက် အဆောင် ဆောက်ပေးခြင်း ဘတ်ဂျတ်များကို ပြည်နယ်ဘတ်ဂျက်တွင် ထည့်သွင်း ရေးဆွဲသင့်သည်ဟု ရသေ့တောင်မြို့နယ် မဲဆန္ဒနယ် အမှတ်၂ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်က အကြံပြုဆွေးနွေးသွားခဲ့သည်။
အမ်းမြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေးက မြို့နယ်အလိုက် ဘတ်ဂျက်ခွဲဝေမှုတွင် မျှတမှုမရှိဟု ထောက်ပြ ဝေဖန်ဆွေးနွေးသွားခဲ့သည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် မြို့နယ်အလိုက် လျာထားခွဲဝေထားသော ဘတ်ဂျက်မှာ စစ်တွေမြို့နယ်အတွက် ၄၁၆၆.၅၇၈ သန်း၊ တောင်ကုတ်မြို့နယ်အတွက် ၃၈၅၅.၃၈၉ သန်း၊ ကျောက်တော်မြို့နယ်အတွက် ၃၆၅၅.၉၂၈ သန်း၊ မောင်တော ၃၃၉၉.၈၂ သန်း၊ သံတွဲ ၃၂၅၃.၉ သန်း၊ မြေပုံ ၂၀၉၆.၆၁၆၊ ပုဏ္ဏားကျွန်း ၂၀၁၂.၈၈ သန်း၊ ကျောက်ဖြူ ၁၅၉၈.၁၉၃၃ သန်း၊ ရသေ့တောင် ၁၄၈၂.၅ သန်း၊ မင်းပြား ၁၄၃၃.၀၈ သန်း၊ ဂွ ၁၃၂၀ သန်း၊ ပေါက်တော ၁၁၅၇.၄၄၄ သန်း၊ မြောက်ဦး ၁၀၈၃. ၂၆ သန်း၊ ဘူးသီးတောင် ရ၇၃.၈၃၊ ရမ်းဗြဲ ရ၁၈.၇၅၊ အမ်း ၆၆၄.၁၉နှင့် မာန်အောင် ၅၆၅ သန်းတို့ ဖြစ်သည်။







