ကိုဖီအာနန် စစ်တွေတွင် သတင်းစာရှင်လင်းပွဲ ပြုလုပ်

ကိုဖီအာနန် စစ်တွေတွင် သတင်းစာရှင်လင်းပွဲ ပြုလုပ်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် အကြံပေးကော်မရှင်သည် ဒီဇင်ဘာလ ၂ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိလာပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီးချုပ်နှင့် လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက်ပိုင်း သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကို ပြုလုပ်ခဲ့သည်။

ယင်းသတင်းစာ ရှင်းလင်းပွဲကို ညနေ ၄ နာရီခွဲကျော်တွင် စစ်တွေမြို့ရှိ အစိုးရဧည့်ဂေဟာရှေ့၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ကော်မရှင်အနေနဲ့ ဒီနေ့မှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ်နဲ့ လူငယ်အဖွဲ့ အစည်းတွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးမှုတွေကတော့ နွေးထွေးပြီး ကောင်းမွန်ပါတယ်”ဟု ကိုဖီအာနန်က သတင်းထောက်များကို ပြောသည်။

ကော်မရှင်အနေဖြင့် ရခိုင်ပြည်နယ် မောင်တောဒေသ၌ အကြမ်းဖက်မှု ဖြစ်ပေါ်နေမှုများကို စိုးရိမ်မိကြောင်း၊ အကြမ်းဖက် တိုက်ခိုက်မှုများကို အလိုမရှိကြောင်း၊ ဒေသ တည်ငြိမ် အေးချမ်း ဖွံ့ဖြိုးရေးကိုသာ လိုလားသည်ဟု ဆိုသည်။

“စားနပ်ရိက္ခာ အခက်အခဲ ရှိနေတဲ့ သူတွေကို လူသားချင်းစာနာမှုအရ အကူအညီပေးနိုင်အောင် တိုက်တွန်းသွားပါ့မယ်။ မောင်တော ဒေသရဲ့ ပကတိ အခြေအနေကို သိရှိနိုင်ဖို့အတွက်လည်း ဘူးသီးတောင်နဲ့ မောင်တောဒေသကို သွားရောက်ကြည့်ရှုသွားမှာဖြစ်ပါတယ်”ဟု သူက ဆက်ပြောသည်။

ကော်မရှင်အနေဖြင့် စီးပွားရေး၊ လူမှုရေးနှင့် လူ့အခွင့်အရေးတို့ကို ဆက်စပ်လုပ်ဆောင်သွားမည်ဟု ဆိုသည်။

ရခိုင်ပြည်နယ် အကြံပေးကော်မရှင်နှင့် ဆွေးနွေးခဲ့မှု အခြေအနေကို PFP မှ ဒါရိုက်တာ တစ်ဦးဖြစ်သူ ကိုစိုးလင်းကို နိရဥ္စရာက မေးမြန်းရာ “ကိုဖီအာနန်နဲ့ လူမှုအဖွဲ့အစည်းတွေ ဆွေးနွေးတဲ့ပွဲကို ကျွန်တော်တို့ PFP ၊ ၀ံလက်ဖောင်ဒေးရှင်း၊ ရခိုင်အမျိုးသမီးအစည်းအရုံး အပါအဝင် အဖွဲ့ ၁၀ ဖွဲ့က တက်ရောက်ခဲ့ကြပါတယ်။ အခန်းကဏ္ဍ ၅ ခုကို ဆွေးနွေးခဲ့ပြီးတော့ INGO တွေနဲ့ ဒေသခံ CSO တွေ အကြားဆက်စပ် ဆောင်ရွက်မှုတွေကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်”ဟု ပြောသည်။

INGO များအနေဖြင့် ဒေသခံ CSO များနှင့် ဆက်စပ်ဆောင်ရွက်ရာတွင် CSO အဖွဲ့များ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးမတည်ဘဲ သူတို့အတွက် အသုံးချခံ၊ အချက်အလက် စုဆောင်းပေးသူ အဖြစ်သာ အသုံးချနေသည်ကို တင်ပြခဲ့ကြောင်း၊ ကိုဖီအာနန်က လည်း ၄င်းကိစ္စကို UN နှင့် အလှူရှင်များအား သူကိုယ်တိုင် တင်ပြပြီး INGO နှင့် ဒေသခံ လူမှုအဖွဲ့အစည်းများ မည်ကဲ့သို့ ချိတ်ဆက်ဆောင်ရွက်သင့်သည်များကို စဉ်းစားအဖြေထုတ်ရန် သူကိုယ်တိုင် ပါ၀င်ကူညီမည်ဟု ပြောကြားသွားသည်ဟု သိရသည်။

ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲသို့ ပြည်တွင်း ပြည်ပ သတင်းမီဒီယာ အဖွဲ့ ၁၀ ကျော်ခန့် တက်ရောက်ခဲ့ကြသည်။

May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...
May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...