“ မနေ့က ပြုလုပ်တဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ ကျွန်တော် ခေါင်းဆောင်တဲ့ အဖွဲ့ဝင် ခြောက်ဦးပါ အဖွဲ့ တစ်ခုကို ဒီကိစ္စကို ဆောင်ရွက်ဖို့ တာဝန်ပေးပါတယ်။ ဒါကြောင့် ဒီလ ၁၃ ရက်နဲ့ ၁၄ ရက်နေ့တွေမှာ အမ်းမြို့ကို သွားပြီး အမ်းမြို့နယ် ပါတီခေါင်းဆောင်တွေနဲ့ တွေ့ပါမယ်။ ပြီးရင် မြို့နယ်အတွင်းက ရပ်မိ ရပ်ဖတွေနဲ့ တွေ့ပါမယ်။ ကိုယ်စားလှယ် ဘယ်သူဖြစ်သင့်သလဲ။ ဘယ်သူ့ကို ရွေးချယ်မလဲဆိုတာကို တိုင်ပင်ညှိနိုင်းသွားပါမယ်။ ရရှိလာတဲ့ တွေ့ရှိချက်တွေကို ပါတီက ဥက္ကဋ္ဌအဖွဲ့၊ အတွင်းရေးမှူးအဖွဲ့ကို တင်ပြပြီးမှ ကိုယ်စားလှယ် အဖြစ် ဘယ်သူ့ကို ရွေးချယ်မယ်ဆိုတာ ဆုံးဖြတ်မှာ ဖြစ်ပါတယ်” ဟု ပါတီ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က နိရဥ္စရာသို့ ပြောသည်။

ဓာတ်ပုံ- ဦးထွန်းအောင်ကျော် facebook
၎င်းလစ်လပ်နေရာတွင် ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် ၀င်ရောက်ယှဉ်ပြိုင်မည်ဟု သတင်းထွက်ပေါ်နေသဖြင့် အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ဆက်လက် မေးမြန်းရာ ဦးထွန်းအောင်ကျော်က ယခုလို ဆက်လက် ပြောကြားသည်။
“ မနေ့က ပြုလုပ်တဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးမှာ ဥက္ကဋ္ဌကြီး အနေနဲ့ သူဝင်မယ်ဆိုပြီး ပြောကြားတာ အဆိုပြုတာ ဘာတစ်ခုမှ မရှိပါဘူး။ ဒီကိစ္စသူ့အနေနဲ့ ပါတီကို တင်ပြတာလည်း မရှိသေးပါဘူး။ ပါတီအနေနဲ့တော့ အမ်းမြို့နယ် ပါတီ ခေါင်းဆောင်တွေ၊ လူထုတွေနဲ့ တွေ့ဆုံပြီးမှသာ ဒီကိုယ်စားလှယ် ကိစ္စကို ဆွေးနွေးသွားပါမယ်” ဟု ပြောကြားသည်။
ရခိုင်အမျိုးသားပါတီ (ANP) ၏ ၂ ရက်တာ ကြာမြှင့်မည့် သတ္တမအကြိမ်မြောက် ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီအစည်းကို ယမန်နေ့က စတင်ပြုလုပ်နေရာ ပါတီတွင်း အရေးကြီးသော ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
မနေ့က ဆွေးနွေးခဲ့ကြသည့် အရေးကြီးသည့် အကြောင်းအရာများမှာ ၂၀၁၇ တွင် ကျင်းပမည့် ပါတီညီလာခံ ကိစ္စနှင့် ညီလာခံ ပြုလုပ်မည့် မူဘောင်များကို ဆွေးနွေးခဲ့ကြသည်။ ၎င်းပြင် မောင်တောခရိုင် လုံခြံုရေးနှင့် ပတ်သက်ပြီး လွှတ်တော်တွင်း၊ လွှတ်တော်ပြင်ပတွင် မည်သို့ အရေးယူဆောင်ရွက်ကြမည်ကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
“ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော် သုံးရပ်လုံးမှာ မောင်တောခရိုင် လုံခြံုရေး ကိစ္စကို တင်သွင်းသွားဖို့ရှိပါတယ်။ အဓိကအားဖြင့် ရခိုင်တိုင်းရင်းသားများနဲ့ မျိုးနွယ်စုများ အားလုံးအတွက် အာမခံချက်ရှိတဲ့ လုံခြံုရေး စနစ် တစ်ခု ဖြစ်ပေါ်လာအောင် ပါတီ တောင်းဆိုဆောင်ရွက်သွားဖို့ အစီအစဉ်ရှိပါတယ်” ဟု ဦးထွန်းအောင်ကျော်က ပြောသည်။
နိုဝင်ဘာလ ၁၁ ရက်နှင့် ၁၂ ရက်နေ့များတွင် ပြုလုပ်သည့် ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှ ပါတီ အတွက်သာမက ရခိုင်ပြည်သူများအတွက် အကျိုးရှိမည့် ဆုံးဖြတ်ချက်များ ထွက်ပေါ်လာမည်ဟု သူက ပြောကြားသည်။







