တပ်မတော်(ရေ)မှ နတ်မြစ်အတွင်း ကင်းလှည့်နေ့စဉ် အောက်တိုဘာလ ၂၇ ရက် ညနေ ၅ နာရီ မိနစ် ၂၀ ခန့်တွင် တံချောင်းနှင့် ထန်းချောင်းအကြား ရေလယ်ကျွန်းအနီး၌ တစ်ဖက်နိုင်ငံ ဘင်္ဂလာဒေ့ရှ်သို့ ရေကူးသွားနေသည့် မသင်္ကာဖွယ်ရာ ဘင်္ဂလီ အမျိုးသား သုံးဦးအားတွေ့ရှိရသဖြင့် ခေါ်ယူရာ ထွက်ပြေးသဖြင့် လိုက်လံ ဖမ်းဆီး ခဲ့ရသည်ဟု သိရသည်။
ဖမ်းဆီးခံရသူ သုံးဦးမှာ မောင်တောမြို့နယ် လိပ်ရကျေးရွာ (အလယ်) နေ ဘာဘူးရှားမား(ဘ) အဒူလာလီ၊ အာလီဇော်ဟက် (ဘ) အီစမိုင်းနှင့် ရှာခွန်သာလီ (ဘ) အာဆီဇော်ဟပ်တို့ ဖြစ်ကြောင်း မြဝတီ သတင်းတွင် ဖော်ပြသည်။
အောက်တိုဘာလ ၂၈ ရက်နေ့ကလည်း အကြမ်းဖက်စီးနင်းတိုက်ခိုက်ရာတွင် ပါ၀င်သူ စာကိုင်းကျေးရွာနေ ဟာမီတူဆောင်း(ဘ) အနှုဟလာမ်နှင့် နိုတူလာမိန်(ဘ) ဆူတာနာမတ် တို့အားလည်းကောင်း၊ ရသေ့တောင်မြို့နယ် ကိုးတန်ကောက် ကျေးရွာအား ပူးပေါင်းတပ်ဖွဲ့မှ အောက်တိုဘာ ၂၈ ရက်နေ့က ၀င်ရောက်ရှင်းလင်းရာ အကြမ်းဖက် စီးနင်း တိုက်ခိုက်ရာတွင် ပါ၀င်သူ အာယုဒ်(ဘ) ကာလီဟူဆောင်းကို လည်းကောင်း ဖမ်းဆီးမိခဲ့သည်ဟု သိရသည်။
“ အခု တပ်မတော်ကနေ အကြမ်းဖက်မှုနဲ့ ဆက်စပ် ဖမ်းဆီးရမိသူတွေကို မောင်တော မြို့မရဲစခန်းကို လွဲပြောင်းပေးနေပါတယ်။ အခုဆိုရင် အယောက် ၅၀ ကျော်သွားပါပြီ ခင်ဗျား။ ကျွန်တော်တို့ဘက်ကလည်း ဥပဒေနဲ့ အညီ ဆောင်ရွက်နိုင်ရေး အတွက် စီစဉ်ဆောင်ရွက်နေပါတယ်။ တရားရုံးကို တင်နိုင်ရေး အတွက် စစ်ဆေး မေးမြန်းမှုတွေလည်း ပြုလုပ်နေပါတယ်။ စစ်ဆေးမေးမြန်းနေတုန်း ဖြစ်တဲ့ အတွက် အသေးစိတ်တော့ ပြောလို့ မရနိုင်သေးဘူးဗျာ။ ဆက်လက်ပြီးလည်း ဖမ်းဆီးရမိသူတွေကို ကျွန်တော်တို့ဆီကို လွဲပြောင်းပေးနေတာတွေရှိနေတုန်းပါဘဲ” ဟု မောင်တောခရိုင် ရဲတပ်ဖွဲ့မှူးက နိရဥ္စရာသတင်းဌာနသို့ ပြောကြားသည်။
အလားတူ အောက်တိုဘာ ၂၇ ရက်နေ့က တပ်မတော်စစ်ကြောင်းတစ်ခုမှ မောင်တောမြို့နယ် မြောက်ပိုင်း ငစကြူး မူဆလင် ကျေးရွာကို ၀င်ရောက် ရှင်းလင်းရာ အကြမ်းဖက်မှုနှင့် ဆက်သွယ်ပတ်သက်သူ ဘင်္ဂလီ လူမျိုး အမျိုးသား ၈ ဦးဖမ်းမိပြီး နောက်ထပ် ကျောင်းတောင် ကျေးရွာက တစ်ဦးနှင့် ကြက်မောက်တောင် အနောက်ရွာကနေ တစ်ဦး စုစုပေါင်း ၁၀ ဦးကို ဖမ်းမိခဲ့ကြောင်း သိရသည်။ သူတို့ ၁၀ ဦးမှာ မောင်တောမြို့နယ် မြောက်ပိုင်း ပြောင်ပိုက်ရွာအနီး တပ်မတော်နှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲထဲတွင် ပါ၀င်ခဲ့သူ အကြမ်းဖက်သမားများ ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
အောက်တိုဘာ ၂၈ ရက် ညဥ့် နံနက် အစောကြီး ၁ နာရီခန့်တွင်လည်း ဦးရွှေကျကျေးရွာအနီး နယ်စပ် နတ်မြစ်အတွင်း လှေတစ်စီးနှင့် ထွက်ပြေးရန် ကြိုးစားသူ မိန်းမနှစ်ဦး၊ ယောင်္ကျားတစ်ဦးနှင့် ကလေးနှစ်ဦးပါ မိသားစု တစ်ခုကို ဖမ်းမိခဲ့ကြောင်း သတင်းရရှိသည်။







