ကျောက်တော်မြို့တွင် ဆန္ဒထုတ်ဖော်ပွဲပြုရန် သြဂုတ်လ ၂၃ ရက်နေ့က ခွင့်ပြုချက် တင်ထားလိုက်ပြီဟု ဦးဆောင်လျှောက်ထားသူ ကိုကျော်လှမြင့်က နိရဥ္စရာ သတင်းဌာနသို့ ဆိုသည်။
“ခွင့်ပြုချက်ကတော့ မနေ့ကတင်လိုက်ပါတယ်။ ခွင့်ပြုချက်ရသည်ဖြစ်စေ၊မရသည်ဖြစ်စေ ကျနော်တို့ ကတော့ ဆန္ဒပြတောင်းဆိုသွားမှာပါ။ အဓိကတော့ ကိုခိုင်မျိုးထွန်းလွှတ်မြောက်ဖို့ အတွက် ဆိုပေမယ့် အမျိုးသားရေးတက်ကြွသူတွေကိုလည်း နောက်ထပ်ဖမ်းဆီးတာမျိုးမလုပ်ဖို့အတွက်လည်းပါပါတယ်”ဟု ပြောဆိုသည်။
ကိုခိုင်မျိုးထွန်းအား ရခိုင်ပြည်နယ်အစိုးရမှ ချက်ချင်းလွှတ်ပေးရန် တောင်းဆိုဆန္ဒပြပွဲများကို ကျောက်တော်၊ စစ်တွေ၊ ပေါက်တောတို့တွင် သြဂုတ်လ ၂၈ ရက်နေ့တွင် တပြိုင်နက်ပြုလုပ်မည်ဖြစ်ပြီး ပုဏ္ဏားကျွန်းမြို့နယ်တွင်မူ သြဂုတ်လ ၂၇ ရက်နေ့၊ မင်းပြားမြို့နှင့်တခြားမြို့နယ်များတွင် ဆန္ဒပြ တောင်းဆို သွားရန် ခွင့်ပြုချက်တင်စီစဉ်ထားကြောင်း သိရသည်။
မြန်မာစစ်တပ်နှင့်ရက္ခိုင့်တပ်မတော်(AA)တို့ကြား ၂၀၁၆ခုနှစ်၊ဧပြီလအတွင်းက ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲများတွင် မြန်မာစစ်တပ်ဖက်မှ ဒေသခံများအား မတရားဖမ်းဆီးသတ်ဖြတ်မှုများ၊ လူ့အခွင့် အရေးချို့ဖောက်မှုများပြုလုပ်ခဲ့ကြောင်း ALP က ဧပြီလ ၂၇ ရက်နေ့စွဲဖြင့် သဘောထား ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့သည်။ ထိုကြေညာချက်ပါ အချက်အလက်များသည် မြန်မာတပ်မတော်၏ ဂုဏ်သိက္ခာကို ထိခိုင်စေသည်ဟု ဆိုကာ ALP ပြန်ကြားရေးဒုတာဝန်ခံ ကိုခိုင်မျိုးထွန်းအား အကြည်ညိုပျက်စေမှုဖြင့် တရားစွဲဆိုခဲ့သည်။
၎င်းနောက်ပိုင်းတွင် ဖမ်းဆီးခံရပြီး စစ်တွေထောင်ထဲမှ နေပြီး အမှုကို ရင်ဆိုင်နေကြရကြောင်း သိရသည်။







