လက်နက်ကိုင်အဖွဲ့များ အားလုံး မပါ၀င်လျင် ၂၁ ရာစု ပင်လုံညီလာခံသို့ ရခိုင်မျိုးချစ်ပါတီ တက်ရောက်မည်မဟုတ်ဟုဆို

လက်နက်ကိုင်အဖွဲ့များ အားလုံး မပါ၀င်လျင် ၂၁ ရာစု ပင်လုံညီလာခံသို့ ရခိုင်မျိုးချစ်ပါတီ တက်ရောက်မည်မဟုတ်ဟုဆို
by -
နိရဥ္စရာ
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ အားလုံးပါ၀င်ခွင့်ရမည် မဟုတ်လျင် ၂၁ ရာစု ပင်လုံညီလာခံ (သို့မဟုတ်) ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့ ရခိုင်မျိုးချစ်ပါတီ (APP) တက်ရောက်မည် မဟုတ်ကြောင်း ပါတီ၏ သဘောထား ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရခိုင်မျိုးချစ်ပါတီ အနေဖြင့် ၂၁ ရာစု ပင်လုံညီလာခံ (သို့မဟုတ်) ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့ တက်ရောက်မည် မဟုတ်ကြောင်း သဘောထား ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ၎င်းပါတီ၏ ဥက္ကဋ္ဌ ဦးဇော်ဝင်းထွန်းအား နိရဥ္စရာက ဆက်သွယ်မေးမြန်းရာ သူက “ ကျွန်တော်တို့ ၂၁ ရာစု ပင်လုံညီလာခံကို ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ် ဖြစ်ပေါ်လာရေးတို့ ကို ရည်ရွယ်တာကို တွေ့ရတဲ့ အတွက် ကြိုဆိုပါတယ်။ ဒါပေမယ့် ညီလာခံကို တိုင်းရင်းလက်နက်ကိုင် အဖွဲ့တွေ အားလုံး တက်ရောက်ခွင့် မရဘူးဆိုရင် ဒါဟာ အားလုံး ပါ၀င်ရေးမူကို ဆန့်ကျင်နေတဲ့ အတွက် လက်နက်ကိုင်တပ်ဖွဲ့တွေ အကုန်လုံး မပါရင် ကျွန်တော်တို့ပါတီက မတက်ရောက်ဖို့ ဆုံးဖြတ်တာပါ” ဟု ပြောကြားသည်။

APP Statement

ရခိုင်မျိုးချစ်ပါတီမှာ လွှတ်တော်ကိုယ်စားလှယ် အနိုင်ရရှိထားသော ပါတီမဟုတ်သဖြင့် ညီလာခံသို့ တက်ရောက်ရန်ကော ဖိတ်ကြားမှုများရှိပါသလားဟု မေးမြန်းရာ ဦးဇော်ဝင်းထွန်းက “ ကျွန်တော်တို့ကို ဒီကနေ့ ပြုလုပ်မယ့် နိုင်ငံရေးပါတီတွေရဲ့ ဆွေးနွေးပွဲကို တက်ရောက်ဖို့ NRPC က ဖိတ်ပါတယ်။ ကျွန်တော်တို့ မတက်ရောက်ပါဘူး။ အလားတူဘဲ ဒီလ ၃၁ ရက်နေ့မှာ စတင်ကျင်းပဖို့ ရှိတဲ့ ၂၁ ရာစု ပင်လုံ ညီလာခံကိုလည်း တက်ရောက်မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ပါတီ ဗဟိုကော်မတီက ဒီအတိုင်းဘဲ ဆုံးဖြတ်ထားပါတယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် အစိုးရ တပ်မတော်နှင့် ရင်ဆိုင်တိုက်ပွဲ ဖြစ်သော တပ်ဖွဲ့မှာ ရက္ခိုင့်တပ်မတော် အေအေ နှင့်ဖြစ်ပြီး အေအေကို ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ မဖိတ်ခေါ်လျှင်လည်း ဖြစ်သည်ဟု ဆိုကာ ရခိုင်နိုင်ငံရေးပါတီများမှ ၂၁ ရာစု ညီလာခံသို့ တက်ရောက်ရန် စိုင်းပြင်းနေကြသဖြင့် ထိုပါတီများကဲ့သို့ သဘောထားကာ တက်ရောက်လျှင် မရနိုင်ဘူးလားဟု မေးမြန်းရာ သူက “ အဓိကကတော့ အေအေ မပါရင်လဲ ဖြစ်တယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့က ဘယ်လို ပြောရမလဲ ဆိုရင်– ရခိုင်မျိုးချစ်ပါတီ အနေနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-  ၂၁ ရာစု ပင်လုံဆိုတဲ့ ခေါင်းစဉ်အောက်မှာ အဓိကတော့ ငြိမ်းချမ်းရေးညီလာခံဖြစ်တယ်။ အဓိက ငြိမ်းချမ်းရေးညီလာခံမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအကုန်လုံး မပါလို့ရှိရင် ငြိမ်းချမ်းရေး ညီလာခံလည်း မဖြစ်လာနိုင်ဘူးလို့ ထင်ပါတယ်” ဟု ပြောဆိုသွားသည်။

၂၁ ရာစု ပင်လုံညီလာခံသို့ တိုင်းရင်းသားလက်နက်ကိုင် ၂၁ ဖွဲ့မှ ၁၈ ဖွဲ့တက်ရောက်ရန် အခြေအနေရှိပြီး ကိုးကန့် ( MNDAA)၊ ရက္ခိုင့်တပ်မတော် (AA) နှင့် တအာင်း ( TNLA) တို့မှာ တက်ရောက်ရန် မသေချာသေးဘဲ ဖြစ်နေကြောင်း သိရသည်။

တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ ( UNFC) အထွေထွေ အတွင်းရေးမှူး ဦးခူးဦးရယ်က အစိုးရ အနေဖြင့် ၎င်းတိုင်းရင်းသား လက်နက်သုံးဖွဲ့ကို ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံသို့ ဖိတ်ကြားလိမ့်မည်ဟု မျှော်လင့်ကြောင်း သြဂုတ်လ ၂၁ ရက်နေ့က မီဒီယာများသို့ ပြောကြားသည်။

Most read this week

ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...