“ မြန်မာနိုင်ငံဟာ အာရှမှာ ဖွံ့ဖြိုးမှု အနည်းဆုံး နိုုင်ငံစာရင်းမှာ ပါ၀င်ပြီးတော့ ဆင်းရဲမွဲတေမှုဟာ ၃၇ ဒသမ ၅ ရာခိုင်နှုန််းရှိပါတယ်။ မြန်မာနိုင်ငံအထဲမှာမှ ရခိုင်ပြည်နယ်ဟာ ဒုတိယ အဆင်းရဲဆုံး ပြည်နယ် တစ်ခု ဖြစ်ပြီးတော့ ဆင်းရဲမွဲတေမှုဟာဆိုရင် ရ၈ ရာခိုင်နှုန်းထိ မြင့်မားနေပါတယ်” ဟု ဦးမောင်မောင်ဆွေက ပြောဆိုသည်။
ကလေးများအတွက် အဟာရပြည့်ဝစေရန် ရည်ရွယ်၍ အဟာရဖွံ့ဖြိုးရေး ပညာပေးအခမ်းအနားတစ်ခုကို ရခိုင်ပြည်နယ် ကျန်းမာရေးဌာနနှင့် တက်လမ်းစီမံကိန်း (Tat Lan) တို့ ပူးပေါင်း၍ အဟာရ ဖွံ့ဖြိုးရေး ရက်သတ္တပတ်များ ခေါင်းစဉ်ဖြင့် သြဂုတ်လ ၁၉ ရက်နေ့ နံနက်က ပေါက်တော မြို့ အထွေထွေ အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေး ခန်းမဆောင်၌ ပြုလုပ်စဉ် သူ၏ မိန်းခွန်းတွင် ထိုသို့ ထည့်သွင်း ပြောကြား သွားခဲ့ခြင်း ဖြစ်သည်။
၎င်းပြင် သူက “ကျွန်တော်တို့ Save the Children အနေနဲ့ ရခိုင်ပြည်နယ်မှာ ဂီရိမုန်တိုင်းတိုက်ခတ်ခဲ့တဲ့ ၂၀၁၀ ကတည်းက ဒီကနေ့ထိ လုပ်ဆောင်နေပါတယ်။ ပထမ အဆင့်အနေနဲ့ အရေးပေါ်ကယ်ဆယ်ရေး၊ ပြန်လည် ထူထောင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဆိုပြီး အပိုင်းသုံးပိုင်းခွဲပြီးတော့ ကျေးရွာပေါင်း ၃၆ ရွာမှာ လုပ်ဆောင် နေပါတယ်။ ဆင်းရဲမွဲတေမှု မြင့်မားနေတဲ့အတွက် ရခိုင်ပြည်နယ်က ကလေးတွေဟာဆိုရင် အဟာရချို့တဲ့မှုနဲ့ ရင်ဆိုင် နေကြရပါတယ်။ ရခိုင်ပြည်နယ်က ကလေးတွေ အဟာရဖွံ့ဖြိုးလာစေဖို့အတွက် Save the Children အနေနဲ့ အတတ်နိုင်ဆုံးလုပ်ဆောင်နေပါတယ်” ဟု Save the Children အနေဖြင့် ရခိုင်ပြည်နယ်တွင် လုပ်ငန်းအကောင်အထည်ဖေါ် ဆောင်ရွက်နေမှုများ၊ ရခိုင်ပြည်နယ် ဆင်းရဲမွဲတေမှု၊ အဟာရချို့တဲ့မှု အခြေအနေများနှင့် ပတ်သက်ပြီး ပြောကြားသွားခဲ့သည်။

၎င်းပြင် ပေါက်တောမြို့နယ် ကျန်းမာရေးဌာနမှ လက်ထောက်ဆရာဝန် ဒေါက်တာအောင်ကျော်သန်းက ရခိုင်ပြည်နယ်တွင် အဟာရ ချို့တဲ့မှု အရမ်းမြင့်မားနေကြောင်း၊ ပေါက်တောမြို့နယ်တွင်လည်း အဟာရ ချို့တဲ့မှုများရှိနေကြောင်း၊ မြန်မာ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် မြို့နယ်တိုင်းတွင် သြဂုတ်လ တစ်လလုံးကို အဟာရ ဖွံ့ဖြိုးရေး အနေနှင့် ဆောင်ရွက်နေကြောင်း၊ ပထမ ရက်သတ္တပတ်မှာ မိခင်နို့ တိုက်ကျွေးနိုင်ရေးအတွက် သတ်မှတ်ထားကြောင်း၊ ဒုတိယ ရက်သတ္တပတ်မှာ ၅ နှစ်အောက် ကလေးများ အဟာရ ဖွံ့ဖြိုးမှု ဖြစ်ကြောင်း၊ တတိယ ရက်သတ္တပတ်ဆိုရင်တော့ ကိုယ်ဝန်ဆောင် ကျန်းမာရေး စောင့်ရှောက်မှု ဖြစ်ကြောင်း ပြောကြားသည်။
မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဦးက “ အဟာရပြည့်ဝမှ ခန္ဓာကိုယ် ဖွံ့ဖြိုးမှုရှိပြီး ကျန်းမာရေး ကောင်းမွန်မယ်၊ ဉာဏ်ရည် ဉာဏ်သွေးမြင့်မားမှာ ဖြစ်ပါတယ်။ အခုလိုမျိုး ပြည်သူတွေ၊ အဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာတွေ ပူးပေါင်းလုပ်ဆောင်မှ ရည်ရွယ်ချက် အောင်မြင်မှာ ဖြစ်ပါတယ်။ ကလေးတွေ၊ လူငယ်တွေ အဟာရပြည့်ဝပြီး ဉာဏ်ရည် ဉာဏ်သွေး မြင့်မားမှ တိုင်းပြည်အကျိုးသယ်ပိုးနိုင်တဲ့ နိုင်ငံ့သားကောင်းတွေ ပေါ်ပေါက်လာနိုင်မှာ ဖြစ်ပါတယ်” ဟု အဖွင့်အမှာစကား ပြောကြားရာတွင် ထည့်သွင်း ပြောကြားသည်။
အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပေါက်တောမြို့နယ်ကျန်းမာရေးဌာနလက်ထောက်ဆရာဝန်၊ သူနာပြုဆရာမများ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ ရပ်မိရပ်ဖများ၊ဆရာရာမများ၊ ကျောင်းသူကျောင်းသားများ၊ ကိုယ်ဝန်ဆောင် မိခင်များ၊ ကလေးအမေများ၊ Save the Children မှ တာဝန်ရှိသူများအပါအဝင် ၁၀၀ ကျော်တက်ရောက်ခဲ့ကြသည်။







