၎င်းစေတီမှာ မင်းပြားမြို့နယ် ငစရိုင်းချောင်းကျွန်းရှိ ကျောင်းတောင်တွင် တည်ရှိသော ဗုဒ္ဓမြတ်စွာ ဘုရားရှင်၏ မျက်ရိုးဓာတ်တော်ကို ဌာပနာထည့်၍ သာသနာတော် သက္ကရာဇ် ၂၂၂ ခုနှစ်တွင် ရခိုင်ဘုရင် သူရိယစက္ကမင်းကြီးကတည်ထားကိုးကွယ်ခဲ့သည့် ရှေးဟောင်းသမိုင်းဝင် မျက်ရိုးတော်ဓာတ် စေတီဖြစ်ကြောင်း သိရသည်။
ဘုရားဂေါပက ဦးအောင်ကျော်စိန်မှ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စေတီတော်ရှိ အက်ကွဲကြောင်းများ အတွင်း ရေစိမ့်ဝင်ကာ ကွဲထွက်ပြိုကျရခြင်း ဖြစ်နိုင်ကြောင်း ပြောကြားသည်။
၎င်းစေတီတော်သည် ရှေးဟောင်း ဓာတ်တော် စေတီဖြစ်သည့်နှင့်အညီ မကြခဏ ဓာတ်တော်များ ရောင်စုံ ကွန်းမြူးလေ့ရှိကြောင်း၊ မပြိုကျမီ တရက် နံနက် ၉ နာရီခန့်က ဓာတ်တော်ကွန့်မြူးခဲ့သည်ဟု စေတီအနီးက လယ်သမားတစ်ဦး ပြောကြောင်း၊ ယခုနှစ် ဝါဆိုလဆန်း ၁ ရက်နေ့ကလည်း ဓာတ်တော်ကွန့်မြူးခဲ့သည်ကို ရွာသားများ မြင်ခဲ့ကြောင်း၊ ဓာတ်တော် ကွန့်မြူးမှုနှင့် ဆက်စပ်ပြီး စေတီတော် အက်ကွဲသွားသည်ဟု ယူဆပါကြောင်း၊ မိုးအသည်းအသန် ရွာနေသည်မှာ တစ်ပတ်လောက်ရှိနေပြီး အက်ကွဲကြောင်းများထဲ မိုးရေစိမ့်ဝင်ပြီး ပြိုကျမြေခခဲ့ရခြင်း ဖြစ်နိုင်ကြောင်း ဦးအောင်ကျော်စိန်ကို ကိုးကားပြီး ဒေသအခြေစိုက် မင်းပြား သတင်းဌာနတွင် ဖော်ပြထားသည်။
ပြိုကျမြေခသွားခဲ့သည့် စေတီတော်သည် ဉာဏ်တော်အမြင့် ၅၀ ပေ နှင့် လုံးပတ် ၉၆ ပေ ရှိသည်။
၎င်းစေတီသည် လွန်ခဲ့သောနှစ်ပေါင်း ၂၀ ခန့်ကလည်း ပြိုကျ ပျက်စီးသွားခဲ့သဖြင့် မြောက်ဦး ဆရာတော် ဦးမုနိဓဇ ဦးဆောင်ပြီး ဘုရား တကာ၊တကာမများနှင့် အနီးအနားရှိ ရွာသူ၊သားများ စုပေါင်း၍ ပြုပြင်မွမ်းမံခဲ့ကာ ပြန်လည် တည်ဆောက်ထားခြင်း ဖြစ်သည်ဟု သိရသည်။







