“ ဟုတ်ပါတယ်။ မြန်မာနိုင်ငံမှာ သင်တန်းဆင်းပြီး အလုပ်ခန့်အပ်ခြင်း မခံရသေးတဲ့ ကျန်းမာရေးမှူး ၈၀၀ ကျော်ရှိနေပါသေးတယ်” ဟု စစ်တွေမြို့နယ် ကျန်းမာရေးမှူး ဦးစိန်ထွန်းက ပြောသည်။
ကျန်းမာရေးမှူး အပတ်စဉ် သင်တန်းနှစ်ခုမှ ကျန်းမာရေးမှူးများမှာ လုံးဝ အလုပ်မရသေးကြောင်းနှင့် နောက်ထပ် ကျန်းမာရေးမှူး သင်တန်းတွင် ကျောင်းသား ကျောင်းသူ ၆၀၀ ခန့် တက်ရောက်လျက် ရှိနေကြောင်း ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်၌ NGO တစ်ခုတွင် တာဝန်ထမ်းဆောင်နေသူ ရွှေဘိုမြို့နယ်ဇာတိ မောင်နိုင်ဇော်မိုးက ပြောကြားသည်။
“ မြန်မာနိုင်ငံမှာ ကျန်းမာရေးမှူး သင်တန်းဆင်းပြီး အခုအချိန်ထိ အလုပ်မရသေးတဲ့ ကျန်းမာရေးမှူး ၈၀၀ ကျော်ရှိနေသေးပါတယ်။ ကျန်းမာရေးသင်တန်းဆင်းပြီးတော့ အလုပ်ခန့်အပ်ခြင်း မခံရသေးတဲ့သူ ကျွန်တော်ရှေ့မှာ အပတ်စဉ် ၂ ခုရှိပါသေးတယ်။ လောလောစဉ် အလုပ်မခန့်သေးတဲ့လူက ၈၀၀ ကျော် ရှိပါတယ်။ ကျောင်းမှာ သင်ကြားနေကြတဲ့ ညီလေးတွေ၊ ညီမလေးတွေလည်း ၆၀၀ ကျော် ရှိပါသေးတယ်။ ကျွန်တော်ကျောင်းပြီးတာ ၄ နှစ်ရှိသွားပါပြီ။ အစိုးရ အလုပ်မရသေးပါဘူး။ အပြင်မှာ လုပ်နေရတယ်။ ကျောင်းပြီးတာ ၆ နှစ်ကြာခဲ့ပြီ ဖြစ်ပေမယ့် အခုအချိန်ထိ အလုပ်မရသေးတဲ့ သူတွေ လည်းရှိနေပါတယ်။ အပတ်စဉ် ၁၀ ကနေ အပတ်စဉ် ၁၆ အထိ ကျောင်းပြီးသွားတဲ့သူတွေ အလုပ်မရကြသေးပါဘူး” ဟု သူက ပြောသည်။
ရခိုင်ပြည်နယ်အတွင်းရှိ ကျန်းမာရေးမှူးများသည် သြဂုတ်လ ၅ ရက်နေ့က စစ်တွေတွင် တွေ့ဆုံခဲ့ကြသည်။
ကျောင်းပြီးသော်လည်း အလုပ်မခန့်ထားရသေးသည့် ၈၀၀ ကျော်ကို အလုပ်ခန့်ထားပေးရန်၊ အလုပ်ခွင် ထဲတွင် လုပ်ကိုင်နေသော ကျန်းမာရေးမှူးများကို လူမှန်နေရာမှန် ခန့်ထားပေးရန်နှင့် ကျန်းမာရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူအပါအဝင် ကျောင်းပြီးသော်လည်း အလုပ်မခန့်အပ်ရသေးသူများကို NPH ကဲ့သို့ ပြည်သူ့ကျန်းမာရေးနှင့်သက်ဆိုင်သည့် တက္ကသိုလ်တစ်ခုခုတွင် လွတ်လပ်စွာ ပညာသင်ကြားခွင့်ပေးရန် တောင်းဆိုခဲ့သည်ဟု သိရသည်။
၎င်းပြင် ရခိုင်ပြည်နယ်တွင် ကျန်းမာရေးမှူးများ၏ ဖဲကြိုးပြာ လူပ်ရှားမှုကို ၎င်းနေ့တွင်ပင် စတင်ခဲ့သည်ဟု သိရသည်။
ဖဲကြိုးပြား လူပ်ရှားမှုနှင့် ပတ်သက်၍ မြို့နယ် ကျန်းမာရေးမှူး တစ်ဦးဖြစ်သူ ဦးမောင်အေးသာက “ကျွန်တော်တို့ ဖဲကြိုးပြာ လှုပ်ရှားမှု လုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ လွန်ခဲ့တဲ့ တစ်လလောက်က ကျန်းမာရေးမှူး သင်တန်းဆင်းမဟုတ်တဲ့ သူတွေကို ကျန်းမာရေးမှူးအဖြစ် ခန့်အပ်တာကို ကန့်ကွက်တဲ့ အနေနဲ့ ဒီဖဲကြိုးပြာ လှုပ်ရှားမှုကို ပြုလုပ်ရခြင်းဖြစ်ပါတယ်” ဟု ပြောကြားသည်။
အချက်အလက်များ ပိုမိုသိရှိနိုင်ရန် စစ်တွေမြို့နယ် ကျန်းမာရေးမှူး ဦးစိန်ထွန်းကို မေးမြန်းရာ သူက “ မြန်မာနိုင်ငံတွင် ကျန်းမာရေးမှူး သင်တန်းဆင်းပြီး ကျန်းမာရေးမှူးအဖြစ် တာဝန် ခန့်အပ်ထားခြင်း မခံရသေးသူ ၈၀၀ ကျော်ရှိနေပါတယ်။ အခု ကျန်းမာရေးဌာနတွေမှာ ကျန်းမာရေးမှူးနဲ့ မဆိုင်တဲ့ ကျောင်းလူမှုဆက်ဆံရေးမှူး ၊ အနာကြီး ရောဂါတိုက်ဖျက်ရေးမှူး၊ ငှက်ဖျားပိုးမွှားလက်ထောက် စတဲ့သူတွေကို လစာတူတယ်ဆိုပြီး ကျန်းမာရေးမှူး အဖြစ် ခန့်အပ်နေပါတယ်။ သူတို့ဟာ ကျန်းမာရေးမှူး အဖြစ် ခန့်အပ်ဖို့ မသက်ဆိုင်တဲ့သူတွေသာ ဖြစ်ပါတယ်” စစ်တွေမြို့နယ် ကျန်းမာရေးမှူး ဦးစိန်ထွန်းက ပြောသည်။
သြဂုတ် ၅ ရက်နေ့ စစ်တွေမြို့ အာရီယာန် စားသောက်ဆိုင်တွင် ပြုလုပ်သော တွေ့ဆုံပွဲသို့ တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးမှူးများသာမက အလုပ်ခန့်အပ်မခံခဲ့ရသော ကျန်းမာရေးမှူးများလည်း တက်ရောက်ခဲ့ပြီး ဆုံးဖြတ်ချက် အချို့ကို ချမျတ်ခဲ့ကြသည်ဟု သိရသည်။
၎င်းဆုံးဖြတ်ချက်များကို ရခိုင်ပြည်နယ်အစိုးရနှင့် ကျန်းမာရေး ၀န်ကြီးဌာနသို့ တင်ပြတောင်းဆိုသွားမည်ဟု သိရသည်







