သယံဇာတနှင့် မြေယာပိုင်ခွင့် ကိုယ်ဆုံးဖြတ်ခွင့်ရရေး လက်မှတ် သုံးသိန်း စုဆောင်းမည်

သယံဇာတနှင့် မြေယာပိုင်ခွင့် ကိုယ်ဆုံးဖြတ်ခွင့်ရရေး လက်မှတ် သုံးသိန်း စုဆောင်းမည်
by -
နိရဥ္စရာ
ရခိုင့် သယံဇာတနှင့် မြေယာများကို ကိုယ်ပိုင် စီမံပိုင်ခွင့်နှင့် ဆုံးဖြတ်ပိုင်ခွင့် ရရှိရေးအတွက် တောင်းဆိုမည့် ထောက်ခံလက်မှတ် သုံးသိန်း စုဆောင်း ကောက်ခံမှုကို ရခိုင်ပြည်နယ်  မြို့နယ် အများအပြားတွင် စတင် ပြုလုပ်နေရာ ရခိုင်ပြည်သူများမှ စိတ်ပါ၀င်စားစွာဖြင့် လက်မှတ်များ ရေးထိုးပေးနေကြောင်း သတင်းရရှိသည်။

လက်ရှိ အချိန်တွင် ရခိုင်ပြည်နယ်မှ မြို့နယ် ၁၀ ခုတွင် ကောက်ခံနေရာ ပြည်သူများမှ အားတက်သရော ထောက်ခံပြီး လက်မှတ်များ ရေးထိုးနေကြသည်ဟု ရခိုင့်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကွန်ရက် မှ ဦးထွန်းကြည်က ပြောသည်။

၎င်းပြင်သူက “ကျွန်တော်တို့  ခုလို လက်မှတ်တွေ စုဆောင်း ကောက်ခံရတာဟာ တိုင်းရင်းသား ဒေသတွေက သယံဇာတတွေကို ပြည်ထောင်စုက လက်ဝါးကြီးအုပ် ဆောင်ရွက်နေသလို ဖြစ်နေတယ်။ ကျွန်တော်တို့ ပြည်နယ်မှာ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ကြီးကြီးမားမား ရှိပေမယ့်  ပြည်နယ်အတွက် ဘယ်လို အကျိုးပြုနေသလဲ ဆိုတာကို သုံးသပ်ရရင် ဘာမှ အကျိုးပြုတာ မရှိဘူး။ ဒါကြောင့် ရခိုင်သယံဇာတ ရခိုင်တို့ ကိုယ်ပိုင် ဖန်တီး နိုင်ခွင့် ရရှိရေးအတွက် လက်မှတ် သုံးသိန်းစုဆောင်း ကောက်ခံနေတာပါ။ မိမိတို့ရဲ့ စိတ် သဘောထား ဆန္ဒအတိုင်း ကောက်ခံတာပါ။ အတင်းဓမ္မ လက်မှတ် စုဆောင်း ကောက်ခံမျိုး မလုပ်ပါ” ဟု သူက ဆိုသည်။

ကောက်ခံရရှိသည့် လက်မှတ်များကို နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ကာကွယ်ရေး ဦးစီးချုပ်နှင့် သက်ဆိုင်ရာ ၀န်ကြီးဌာနများထံ ပေးပို့ တောင်းဆိုသွားမည်ဖြစ်ကြောင်း၊  လွှတ်တော်ပိုင်းကလည်း တင်ပြတောင်းဆိုသွားရန် စီစဉ်ထားကြောင်း ဦးထွန်းကြည်မှ ဆက်ပြောသည်။

FB IMG 1469686623611

ရခိုင့်သဘာဝသယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကွန်ရက်မှ ဦးဇေယျကျော်ကလည်း “ကျွန်တော်တို့က လူထုဆန္ဒကို တင်ပြတောင်းဆိုတာပါ။ ကျန်တဲ့ အပိုင်းကတော့ အစိုးရရဲ့ အပိုင်းပါ။ ယခင်အစိုးရ လက်ထက် ကလည်း အများကြီး တောင်းဆိုမှုတွေ လုပ်ခဲ့ပါတယ်။ ခုအစိုးရသစ်လက်ထက်မှာတော့ အမှန်တကယ် ပြောင်းလဲမလား၊ မပြောင်းလဲဘူးလားဆိုတာတော့ မပြောနိုင်ပါဘူး။ စောင့်ကြည့်ရမှာပါ ” ဟု နိရဥ္ဇရာသို့ ပြောသည်။

ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံမှ သယံဇာတ ပေါကြွယ်ဝသော ပြည်နယ် တစ်ခု ဖြစ်ပြီး ရခိုင်ပင်လယ်ပြင်မှ ထွက်ရှိ သဘာဝ ဓာတ်ငွေ့များကို တရုတ်ပြည်သို့ တင်ပို့ ရောင်းချထားသော်လည်း ရခိုင်ဒေသမှာ တစ်စုံ တစ်ရာ အကျိုးခံစားခွင့်မရဘဲ ဆင်းရဲမြဲ ဆင်းရဲနေကာ ဒေသခံ လူငယ်အများအပြားမှာလည်း လုပ်ကိုင်စရာ စက်ရုံ အလုပ်ရုံ တစ်ခုတစ်လေမှ ကြီးကြီးမားမား မရှိသဖြင့် အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်ကာ အလုပ် လုပ်ကိုင်နေကြရသည်။

သို့အတွက် သဘာဝ သယံဇာတအရေး လူပ်ရှားနေသူများက ရခိုင်က ထွက်ရှိသော သဘာဝ သယံဇာတကို ပြည်ထောင်စု အစိုးရနှင့် ပြည်နယ် အစိုးရ အကြားတွင် အချိုးကျ ခွဲဝေ ခံစားနိုင်ရေးအတွက် တောင်းဆိုမှုများကို ပြုလုပ် လာကြခြင်း ဖြစ်ကြောင်း သိရသည်။

ယခုနှစ် ဧပြီ ၂၉ နှင့် ၃၀ ရက်ကလည်း  စစ်တွေမြို့တွင် ရခိုင့်သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်မှ ကော်မတီ ၄၂ ဦး တက်ရောက်သည့် အစည်းအဝေး တစ်ခု ပြုလုပ်ခဲ့ပြီး ၎င်းအစည်းအဝေးမှ ရခိုင့်သယံဇာတနှင့် မြေယာပိုင်ဆိုင်ခွင့်ကို ကိုယ်ပိုင် စီမံပိုင်ခွင့်နှင့် ဆုံးဖြတ်ပိုင်ခွင့် ရရှိရေးအတွက် လက်မှတ်သုံးသိန်း ကောက်ခံကာ တောင်းဆိုသွားရန် ဆုံးဖြတ်ခဲ့ကြသည်။

Most read this week

ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...
January 20, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ သံတွဲမြို့နယ်ရှိ ပင်လယ်ပြင်တွင် ငါးဖမ်းထွက်နေသည့်...