အကူအညီသွားပေးနေသော ကျေးရွာများမှာ ဒုံကြီး၊ တောတန်း၊ ချင်းဆိပ်၊ ၀ါးတောင်၊ မင်းကမ်းဆိပ်၊ အသေကာလ၊ မင်းဖူးနှင့် ကပ်ဘေးကျေးရွာများဖြစ်ကြောင်း သိရသည်။
အဆိုပါကျေးရွာများအခြေအနေနှင့် ပတ်သက်၍ သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးဖြစ်ပြီး ကယ်ဆယ်ရေး ကိုယ်တိုင်သွားပေးနေသူ ဦးအမ်းသားကြီးက နိရဥ္စရာသတင်းဌာနသို့ အောက်ပါအတိုင်း ပြောသည်။

“ဒုံကြီးကျေးရွာမှာက အိမ် ၁၈ ဆောင်ရှိပါတယ်၊ တစ်ရွာလုံးမြုပ်တယ်၊ ဘုန်းကြီးကျောင်း ရော ရေမြုပ် သွားပါတယ်။ တောတန်းမှာ ရေကန် သုံးကန်လုံး ပျက်စီးသွားတယ်၊ တစ်ရွာလုံးမြုပ်တယ်။ ချင်းဆိပ်မှာလည်း တစ်ရွာလုံးမြုပ်တယ်၊ ၀ါးတောင်မှာက တောင်ကုန်း တွေရှိတော့ တောင်ကုန်းမှာ သွားနေလို့ အဆင်ပြေလိုက်တယ်။ တစ်ရွာလုံး အားလုံးမြုပ်တယ်။ မင်းကမ်းဆိပ်လည်း တစ်ရွာလုံးမြုပ်တယ်၊ ရေ ၈ ပေ ကျော်လောက် တက်ခဲ့တယ်။ ကန်တွေအားလုံး ရေမြုပ်သွားတယ်၊ အိမ်ခြေ ၂၀၀ ကျော်ရှိပါတယ်။ ဆရာတော်တွေရော အကုန်ထွက်ပြေးရတယ်။ အခု ကျွန်တော်တို့ အသေကာလကို ရောက်နေပါတယ်။ နောက်ထပ် မင်းဖူးနဲ့ ကပ်ဘေးကို သွားရ ပါအုံးမယ်”ဟု ဆိုသည်။
သင်္သဟကမ်းလက် ရက္ခိတအဖွဲ့မှ အဆိုပါ ကျေးရွာများသို့ အကူအညီ သွားပေးရာတွင် ကျေးရွာတစ်ရွာကို ဆန်နှစ်အိတ်နှင့် မျှစ်များ ပေးအပ်ခဲ့သည်ဟု သိရသည်။
အသေကာလ ကျေးရွာမှ ဒေါ်ဝါ၀ါနိုင်က ကျေးရွာရေနစ်မြုပ်ခဲ့မှု အခြေအနေနှင့် လက်ရှိအခြေအနေနှင့် ပတ်သက်၍ နိရဥ္စရာသတင်းဌာနသို့ အောက်ပါအတိုင်း ပြောကြားသည်။
“ရေတက်တုန်းကဆိုရင် ရ ပေ၊ ၈ ပေလောက် မြုပ်ခဲ့ပါတယ်။ ဘုန်းကြီးကျောင်းတွေကို ရွှေ့ပြောင်းနေခဲ့ရတယ်။ အိမ်တွေမှာ စပါးတွေ ရေမြုပ်သွားပါတယ်။ ကျမတို့မှာလည်း စပါး တင်း ၁၀၀ လောက်ပါသွားပါတယ်။ လယ်ကွင်းမှာ စပါးပင်တွေက အပင်ပေါက် နေတဲ့ဟာရော၊ ကြဲခါစဟာတွေရော အကုန်လုံး ရေမြုပ်သွားပါတယ်။ ရေမြုပ်တာက ၅ ရက်၊ ၆ ရက်လောက် ရှိပါပြီ။ လက်ရှိအခြေအနေမှာ ရေအကုန်မကျသေးပါဘူး၊ ၄ ပေ- ၅ပေ လောက်ကျန်ပါသေးတယ်။ ရေကန်တွေ အကုန်လုံးမြုပ်သွားပြီးတော့ မြစ်ရေကိုပဲ အသုံးပြုနေရပါတယ်။ သောက်ရေကတော့ အနီးအနားက ရွာတွေက လာပေးရင် သောက်ကြရပါတယ်”ဟု ဆိုသည်။
အသေကာလ ကျေးရွာတွင် အိမ်ခြေ ၁၇၀ ခန့်ရှိပြီး၊ ယခုလက်ရှိတွင် ရိက္ခာ တစ်နပ်နှစ်နပ်စာသာ ကျန်တော့ကြောင်း၊ အကူအညီ အရေးပေါ်လိုအပ်နေကြောင်း သူမက ဆက်ပြောသည်။
ရေနစ်မြုပ်ခဲ့သော ကျေးရွာများ၌ ယခုလက်ရှိတွင် အရေးပေါ်ရိက္ခာများ လိုအပ်နေသည့် အပြင် ရေကန်မှ ရေများကို စုပ်ထုတ်ရန် ရေစုပ်စက်များလည်း အရေးပေါ်လိုအပ်နေသည်ဟု သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့မှ ဦးအမ်းသားကြီးက ပြောသည်။
ယခုနောက်ဆုံးရသတင်းများအရ ပြည်နယ်အစိုးရမှ မင်းဖူးကျေးရွာတွင် ရဟတ်ယာဉ်ဖြင့် ဆန်အိတ် ၅၀ ချပေးထာခဲ့သည်ဟု သိရသည်။
ပန်းမြောင်းကြီးချောင်းတလျှောက်တွင် ကျေးရွာပေါင်း ၂၀ ကျော်ရှိပြီး ကျေးရွာအားလုံး ရေနစ်မြုပ်ခဲ့သည်ဟု သိရှိရသည်။







