၎င်းဆန္ဒပြ ကန့်ကွက်ပွဲကို ရခိုင်လူငယ်များအစည်းအရုံး(ဂျပန်)က ဦးဆောင်ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ရခိုင်ပြည်နယ်က မူဆလင်လို့ သုံးနှုန်းပြောဆိုလိုက်တာဟာ ရခိုင်တစ်မျိုးသားလုံးကို စော်ကား လိုက်တာပါ။ ဒီအသုံးအနှုန်းဟာ ရခိုင်ပြည်နယ်နဲ့ ရခိုင်တစ်မျိုးသားလုံးကို ထိခိုက်နစ်နာစရာတွေ အများကြီးဖြစ်ပေါ်လာစေပါတယ်။ဒီမိုကရေစီအစိုးရသစ်အနေနဲ့ ဒေသခံ ရခိုင်လူမျိုးတွေရဲ့ သဘောထားကိုလည်း အလေးမထားရာ ရောက်ပါတယ်။ ဒီအသုံးအနှုန်းနဲ့ NLD အစိုးရရဲ့ လုပ်ရပ်တွေကို ကမ္ဘာကသိအောင်လို့ ကန့်ကွက်ရှုတ်ချကြောင်း ဆန္ဒပြတာပါ”ဟု ဆန္ဒပြပွဲ ဦးဆောင်သူ တစ်ဦးဖြစ်သည့် ကိုသော်ဇင်ဖြိုးက နိရဥ္စရာ သတင်းဌာနသို့ပြောသည်။
အစိုးရက တစ်စုံတစ်ရာ ယခုကိစ္စနှင့် ပတ်သက်ပြီး တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်ခြင်း မရှိပါက ဆက်လက်ပြီး ဆန့်ကျင် ကန့်ကွက်သွားမည်ဟု ဆိုသည်။
“အဓိကတော့ “ရခိုင်ပြည်နယ်က မူဆလင်လူမျိုးများ “ဆိုတဲ့ အသုံးအနှုန်းကို ကန့်ကွက်
ပါတယ်။ ဇူလိုင်လ ၃ ရက်နေ့ ရခိုင်ပြည်နယ်တစ်ခုလုံး ဆန္ဒပြတောင်းဆိုပွဲနောက်ပိုင်း
အစိုးရအနေနဲ့ အရေးယူဆောင်ရွက်ပေးတာ တစ်ခုမှ မရှိလာခဲ့ရင်တော့ သပိတ်စခန်းဖွင့် ဆန္ဒပြသွားဖို့လည်း စီစဉ်ထားပါတယ်”ဟု သူက ဆက်လက် ပြောဆိုသည်။
နိုင်ငံတော်သမ္မတဦးထင်ကျော်၊နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းတပ်စုကြည်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ထံ လိပ်မူထားသည့် အချက် ၅ ချက်ပါ အိတ်ဖွင့်ပေးစာ တစ်စောင်အား မြန်မာသံရုံးသို့ ပေးပို့ခဲ့သော်လည်း သံရုံးက လက်မခံခဲ့ကြောင်း သိရသည်။
ထိုအိတ်ဖွင့်ပေးစာအား စာတိုက်မှတဆင့် ဂျပန်နိုင်ငံရှိ မြန်မာသံရုံးသို့ ရောက်အောင် ပေးပို့ သွားမည်ဖြစ်ကြောင်း ကိုသော်ဇင်ဖြိုးက ဆိုသည်။
ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့တွင်ကျင်းပခဲ့သည့် ကုလသမဂ္ဂညီလာခံတွင် “ရခိုင်ပြည်နယ်က မူဆလင်များ”ဟု သုံးနှုန်းသွားမည်ဟု အစိုးရသစ်၏ အစီအစဉ် အပေါ် ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ပွဲကို ဇူလိုင်လ ၃ ရက်နေ့တွင် ရခိုင်ပြည်နယ်အနှံ့အပြားတွင် ပြုလုပ်သွားရန် စီစဉ်နေကြသည်ဟု သတင်း ရရှိသည်။







