နံနက် ၈ နာရီကျော်တွင် စစ်တွေမြို့ မင်းဂံရပ်ကွက်ရှိ ရခိုင်ဒုက္ခသည် စခန်းသို့ ရောက်ရှိလာပြီး ဒုက္ခသည်များနှင့် မိနစ် ၃၀ ခန့် တွေ့ဆုံပြီး ဒုက္ခသည်များ၏ လက်ရှိအခြေအနေကို မေးမြန်းခဲ့သည်။
ထို့သို့တွေ့ဆုံရာတွင် ဒုက္ခသည်စခန်းမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့က ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အခက်အခဲများကို တင်ပြခဲ့ကြသည်။

“ ကျွန်မတို့ တင်ပြတာက လက်ရှိ အခုဒုက္ခသည်စခန်းမှာ ဆေးပေးခန်းမရှိသေးပါဘူး။ ဖျားနာတယ်၊ နေမကောင်းဖြစ်တယ် ဆိုရင် အနီးအနား ရပ်ကွက်ရှိ ဆေးခန်းမှာ သွားပြရပါတယ်။ ပညာရေး ကဏ္ဍမှာဆိုရင်လည်း စာသင်ကျောင်းမရှိသေးအတွက် မူလတန်းကလေးတွေဟာ အိမ်မှာပဲ ဆရာငှားပြီးတော့ ဖြစ်သလို သင်နေကြရပါတယ်။ အလယ်တန်းနဲ့ အထက်တန်း ကျောင်းသားကျောင်းသူတွေကျတော့ အခြားကျောင်းတွေမှာ သွားတက်ကြရတယ်လို့ တင်ပြလိုက်ပါတယ်”ဟု မအေးမြတ်စိုးက ပြောသည်။
သူမက ရခိုင်ဒုက္ခသည်များကို ကူညီသည့် နိုင်ငံတကာ အန်ဂျီအို အဖွဲ့အစည်းများမှာ မရှိသလောက်ပင် နည်းပါးကြောင်း တင်ပြခဲ့သည်ဟု ဆိုသည်။
“ကျွန်မတို့ဆီကို အဖွဲ့အစည်းတော်တော်များများက လာရောက်ပြီး တွေ့ဆုံမေးမြန်းမှုတွေ လုပ်ပြီး ပျောက်သွားကြပါတယ်။ လာရောက်ကူညီတာဆိုလို့ မရှိသလောက်ပဲ။ အခု လာမေးတဲ့ အဖွဲ့အနေနဲ့လည်း ဒီလို လာမေးပြီးတော့ ဘာမှ မကူညီဘဲ ပျောက်သွားမှာကို စိုးရိမ်ပါတယ်။ ဘာမှ မကူညီဘဲ ပျောက်သွားမယ်ဆိုရင် ကျမတို့အနေနဲ့ ပိုပြီးစိတ်အားငယ်ရတဲ့အတွက် လာရောက်ပြီး ကူညီပေးစေချင်ပါတယ်။ ဒီလိုမျိုးလာလည်တဲ့အတွက်နဲ့ တင်ပြခွင့်ရတဲ့အတွက် ကျမအနေနဲ့ ကျေးဇူးတင်ရှိပါတယ်လို့ မစ္စယန်ဟီးလီကို တင်ပြခဲ့ပါတယ် ”ဟု သူမက ဆက်ပြောသည်။
မစ္စယန်ဟီးလီက သူမအနေဖြင့် လူ့အခွင့်အရေးအခြေအနေကို လာရောက်လေ့လာခြင်းဖြစ်ပြီး ကုလသမဂ္ဂသို့ အစီရင်ခံရမည်ဖြစ်ကြောင်း၊ ယခု တင်ပြသည့် အကြောင်းအရာများကို အစိုးရ အာဏာပိုင်များသို့ တင်ပြသွားမည်ဖြစ်ကြောင်း၊ သူမအနေဖြင့် အကူအညီပေးနိုင်အောင် ကြိုးစားပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းသို့တွေ့ဆုံပြီး ဒုက္ခသည်စခန်းအခြေအနေကို လှည့်လည်ကြည့်ရှုခဲ့သည်။
ထို့နောက် ဒုက္ခသည်စခန်းမှ အမျိုးသမီး ၅ ဦးနှင့် အမျိုးသား ၅ ဦးတို့နှင့် မိနစ် ၃၀ ကျော်ကြာ သီးသန့်တွေ့ဆုံခဲ့သည်။ ထိုသို့ တွေ့ဆုံရာတွင်လည်း ဒုက္ခသည်များ၏ အခက်အခဲများကို မေးမြန်းခဲ့သည်ဟု သိရသည်။
ယခုမင်းဂံ ဒုက္ခသည်စခန်းတွင် နေထိုင်သူများသည် နာဇီရွာ (စက်ရုံစုရပ်ကွက်) ဒုက္ခသည်နေရာမှ ၂၀၁၆ ခုနှစ် ဇွန်လ ၂၀ ရက်နေ့တွင် ပြောင်းရွှေ့လာသူများဖြစ်ပြီး နေအိမ် ၁၅၁ ဆောင် လူဦးရေ ၆၄၂ ဦးရှိပြီး ကျပန်းလုပ်စားကြသည်ဟု သိရသည်။
ထို့နောက် မစ္စယန်ဟီးလီသည် အောင်မင်္ဂလာရပ်ကွက်ရှိ ဘင်္ဂလီများနှင့် RB ကျောင်းတွင် တံခါးပိတ်တွေ့ဆုံခဲ့သည်။ မည်သည့်အကြောင်းအရာကို ဆွေးနွေးခဲ့သည်ကို မသိရှိရပါ။
ယင်းသို့တွေ့ဆုံပြီးနောက် အောင်မင်္ဂာရပ်ကွက်ရှိ အစိုးရစာသင်ကျောင်းသို့လည်း သွားရောက် ကြည့်ရှုခဲ့သည်။
ယင်းအပြင် မစ္စယန်ဟီးလီသည် ဇွန်လ ၂၂ ရက်နေ့ ညနေပိုင်းက ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ပြန်ကြားရေးဌာန လက်ထောက် တာဝန်ခံ ခိုင်မျိုးထွန်းနှင့်လည်းကောင်း၊ ဇွန်လ ၂၃ ရက်နေ့တွင် ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ဟောင်း လက်ရှိ အမ်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်အုန်းနှင့်လည်းကောင်း သီးခြားစီ တွေ့ဆုံခဲ့သည်ဟု သိရသည်။
မစ္စယန်ဟီးလီသည် ရခိုင်ပြည်နယ် စစ်တွေမြို့ သို့ ဇွန်လ ၂၂ ရက်နေ့က ရောက်ရှိခဲ့ပြီး သူမ၏ တစ်ညအိပ် ခရီးစဉ်အတွင်း ပုဏ္ဍားကျွန်းနှင့် ကျောက်တော်မြို့နယ်များသို့ လည်း သွားရောက်ခဲ့သည်။ ဇွန်လ ၂၃ ရက်နေ့ ညနေပိုင်းက ရန်ကုန်သို့ ပြန်လည် ထွက်ခွာသွားခဲ့သည်။







