ယနေ့ နံနက်က လူဝင်မှုကြီးကြပ်ရေးဌာန ပြည်နယ် ညွှန်ကြားရေးမှူး ဦးဝင်းလွင် ကိုယ်တိုင် ဦးစီး၍ ရခိုင်ပြည်နယ် စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ ဘင်္ဂလီများကို နိုင်ငံသားစိစစ်ရေး ပြုလုပ်ခဲ့ရာ အစိစစ်ခံသူ တစ်ဦးတစ်ယောက်မှ မရှိဟု သိရသည်။
ယင်းစိစစ်မှုပြုလုပ်ရာ အောင်မင်္ဂလာရပ်ကွက်ရှိ အမက ၁၈ သို့ သတင်းသမားများနှင့် လုံခြံုရေး ရဲများလည်း အတူသွားရောက်ခဲ့ကြသည်။
နံနက် ၉ နာရီခွဲမှ စတင်၍ စိစစ်ရေးပြုလုပ်ပေးမည်ဟု ရပ်ကွက်အတွင်းတွင် ကြော်ငြာ ထားခဲ့သော်လည်း ၁၀ နာရီခွဲကျော်သည်အထိ လာရောက် အစိစစ်ခံမည့်သူမရှိ ဖြစ်နေခဲ့သည်။
ယင်းသို့ မလာကြခြင်းမှာ မီဒီယာများရှိနေ၍ လာလုပ်သူများက ဓါတ်ပုံအရိုက်ခံရာမည်ကိုကြောက်၍ လာမလုပ်ကြခြင်းဟု အကြောင်းပြကာ ပြည်နယ်လဝကမှူးက မီဒီယာများကို ကျောင်းဝင်းအတွင်း မှ ထွက်ခိုင်းခဲ့သည်။
“ခင်ဗျားတို့ မီဒီယာတွေရှိနေလို့ နိုင်ငံသား အစိစစ်ခံမည့်သူတွေက ဓါတ်ပုံအရိုက် ခံရမှာစိုးလို့ မလာရဲကြဘူးလို့ ကြားရတယ်။ ခင်ဗျားတို့ အပြင်ထွက်ပေးကြပါ”ဟု မီဒီယာများကို သူက ပြောသည်။
မီဒီယာများသာမက ကျောင်းဝင်းအတွင်း လုံခြံုရေးယူထားသော ရဲများကိုလည်း ရဲများရှိနေ၍ လာစိစစ်မခံရဲဖြစ်နေသည်ဟု အကြောင်းပြကာ ပြည်နယ်လဝကမှူးက အပြင်သို့ ထွက်ခိုင်း ခဲ့သည်ဟု လုံခြံုရေးအတွက် လိုက်ပါခဲ့သော ရဲမှူးတစ်ဦးက သတင်းထောက်များကို အလွတ်သဘော ပြောကြားခဲ့သည်။
သတင်းသမားများနှင့် ရဲများ ကျောင်းပြင်သို့ ထွက်ပြီး စောင့်နေခဲ့ကြသော်လည်း နံနက် ၁၁ နာရီ ကျော်သည်အထိ မည်သူတစ်ဦးတစ်ယောက်မှ လာရောက် အစိစစ်မခံခဲ့ကြပေ။
အောင်မင်္ဂလာရပ်ကွက်မှ လဝက ရုံးသို့ ကိုယ်တိုင်သွားရောက်ပြီး စိစစ်ခံခဲ့သည့် အမည်မဖေါ်လိုသူ ဘင်္ဂလီ ရပ်မိရပ်ဖတစ်ဦးက နိရဥ္စရာ သတင်းဌာနကို အောက်ပါအတိုင်းပြောသည်။
“ကျွန်တော်တို့ မိသားစု နှစ်ယောက် မနေ့က လဝက ရုံးမှာ စိစစ်ရေးကတ် သွားလုပ်ပါတယ်။ ကျွန်တော်တို့ကို အစိမ်းနုရောင် ကတ်လေးထုတ်ပေးပါတယ်။ နိုင်ငံသားစိစစ်ခံဖို့အတွက် ထုတ်ပေးထားတဲ့ကတ်ပါ။ ဒီရပ်ကွက်အတွင်းမှာ လာလုပ်မည့်သူရှိမရှိကိုတော့ မပြောတတ်ပါ။ ရပ်ကွက်က လူတွေကိုတော့ ပြောထားပါတယ်”ဟု သူကဆိုသည်။
သတင်းထောက်များက လဝက တာဝန်ရှိသူများ နှင့် ရဲများကို အောင်မင်္ဂလာရပ်ကွက်နေ ဘင်္ဂလီများအနေဖြင့် နိုင်ငံသားစိစစ်ရေးကို ဘာကြောင့် လက်မခံကြနည်းဟု အလွတ်သဘော မေးကြည့်ရာ အစိစစ်ခံမည့်သူနှင့် မခံမည့်သူ အုပ်စုနှစ်ခုကွဲနေပြီး လာလုပ်လျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက်မှုများရှိနေ၍ လာမလုပ်ရဲကြခြင်းဖြစ်သည်ဟု အလွတ်သဘော ပြောကြားခဲ့သည်။
သို့သော် နိရဥ္စရာသတင်းဌာနအနေဖြင့် အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။
ဘင်္ဂလီများနေထိုင်သော သက္ကေပြင်တွင်လည်း ယနေ့တွင် နိုင်ငံသားစိစစ်ရေး သွားလုပ်မည်ဟု လဝက နှင့် ရဲများထံမှ သိရှိရသည်။







