ဇွန််လ ၁၅ ရက်နေ့က ရခိုင်ပြည်နယ် ၀န်ကြီးချုပ်မှ ၎င်းအဖွဲ့ကို ဖွဲ့စည်းကြောင်း တရားဝင် စာထုတ်ပြန်ခဲ့သည်ဟု နိရဥ္စရာကသတင်း ရရှိသည်။
“ ဟုတ်ပါတယ်။ ဖွဲ့လိုက်တာက။ ပြည်နယ် အဆင့်မှာဆိုရင် ရခိုင်ပြည်နယ် လုံခြံုရေးနဲ့နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက ဥက္ကဋ္ဌ အဖြစ်တာဝန်ယူသွားမှာ ဖြစ်ပါတယ်။ မြို့နယ်တွေမှာတော့ ထွေအုပ်တွေက ဥက္ကဋ္ဌ အဖြစ်အသီးသီး တာဝန်ယူကြမှာ ဖြစ်ပါတယ်” ဟု ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ ပြောခွင့်ရသူ စည်ပင်ဝန်ကြီး ဦးမင်းအောင်က ပြောသည်။
ပြည်နယ် အဆင့် စစ်ဆေးရေးကော်မတီတွင် ရခိုင်ပြည်နယ် နယ်/လုံဝန်ကြီးမှ ဥက္ကဋ္ဌ၊ အလုပ်သမား၊ လူဝင်မှုနှင့် ပြည်သူ့အင်အား ဦးစီးဌာ ပြည်နယ် ညွှန်ကြားရေးမှူးက အတွင်းရေးမှူး၊ ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးမှူး၊ ပြည်နယ် ရဲမှူးစသည်တို့မှာ အဖွဲ့ဝင်များ ဖြစ်ကြသည်ဟု သိရသည်။
မြို့နယ်အဆင့်တွင် မြို့နယ် ထွေအုပ်က ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်မည် ဖြစ်ပြီး လူအများရိုသေ လေးစားသော ဌာနဆိုင်ရာ အစိုးရ အရာရှိ လေးဦးပါ၀င်မည်ဟု သိရသည်။ ယခုဖွဲ့လိုက်သည့် စစ်ဆေးရေးအဖွဲ့တွင် ယခင်ပါ၀င်ခဲ့သော မြို့မိမြို့ဖ နှစ်ဦးစီမှာ ယခုအဖွဲ့တွင် ပါ၀င်လာမည် မဟုတ်တော့ဟု သိရသည်။
“ ကျွန်တော်တို့အနေနဲ့ မြို့နယ်၊ ပြည်နယ်၊ ပြည်ထောင်စု အဆင့် ဗဟိုဆိုပြီး ကော်မတီအဆင့်ဆင့်နဲ့ ဆောင်ရွက်နေပါတယ်။ မြို့နယ် အဆင့် စစ်ဆေးပြီးရင် ပြည်နယ်ကို တင်မယ်။ ပြည်နယ်က စစ်ဆေးပြီးရင် ဗဟိုကို တင်မယ်။ နိုင်ငံသား (သို့မဟုတ်) ပြုနိုင်ငံသား ဖြစ်/မဖြစ်ကိုတော့ ဗဟိုကနေ အဆုံး အဖြတ်ပေးမှာ ဖြစ်ပါတယ်” ဟု မြေပုံမြို့နယ် အုပ်ချုပ်ရေးမှူးက လုပ်ငန်း အစီအစဉ်ကို ပြောကြားသည်။
မြေပုံမြို့နယ်တွင် NVC (ခေါ်) နိုင်ငံသား စိစစ်ခံရမည့် သူ ပုဂ္ဂိုလ်၏ သက်သေခံ ကတ် ရရှိခဲ့သူ မူဆလင် အရေအတွက်မှာ ၅၀၀ ကျော်ရှိပြီး မြို့နယ် အဆင့် စစ်ဆေးပြီးလျှင် ပြည်နယ် တင်မည် ဖြစ်ကာ ပြည်နယ်က စစ်ဆေးပြီးလျှင် ပြည်ထောင်စု အဆင့် ဗဟိုသို့ တင််မည် ဖြစ်ကြောင်း သိရသည်။ နိုင်ငံသား ဖြစ်/မဖြစ်ကို ဗဟိုက အဆုံးအဖြတ် ပေးသွားမည်ဟု သိရသည်။







