လူထုနှင့်တွေ့ဆုံရန် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် ရခိုင်သို့ ရောက်ရှိ

လူထုနှင့်တွေ့ဆုံရန် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် ရခိုင်သို့ ရောက်ရှိ
by -
နိရဥ္စရာ
ပြည်ထောင်စုလွှတ်တော်၏ ဒုတိယနာယက၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် သည် မဲဆန္ဒရှင် ရခိုင်လူထုနှင့်တွေ့ဆုံရန် ဇွန်လ ၁၇ ရက်နေ့ ညနေပိုင်းက ရခိုင်ပြည်နယ် မြို့တော် စစ်တွေမြို့သို့ ရောက်ရှိလာသည်ဟု သိရသည်။

သူ၏ ခရီးစဉ်သည် အမျိုးသားလွှတ်တော်၏ ဒုတိယ ဥက္ကဋ္ဌဖြစ်လာပြီးသည့် နောက်ပိုင်း ရခိုင်ပြည်နယ်ကို ပထမဆုံး အကြိမ် လာရောက်သည့် ခရီးစဉ် ဖြစ်သည်။

“ကျနော်အခုထွက်လာတဲ့ရည်ရွယ်ချက်ကတော့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်သည် သူ့ရဲ့ မဲဆန္ဒနယ်ကို မသွားမဖြစ် သွားရမယ်။ မဲဆန္ဒနယ်က ပြည်သူတွေရဲ့တင်ပြချက်ကိုလည်းပဲ ကျွန်တော်တို့က နားထောင်ရမယ်။ ပြည်သူတွေရဲ့အကြံပြုချက်တွေကိုလည်းပဲ ကျွန်တော်တို့က နားထောင်ရမယ်။ နောက်တစ်ခုက အဲဒီပြည်သူတွေရဲ့လိုအပ်ချက်၊ တင်ပြချက်တွေကို လွှတ်တော်ဆီ ယူသွားပြီးတော့ လွှတ်တော်မှာ ပြောသင့်ဆိုသင့်တဲ့ဟာတွေကို ပြောရမယ်” ဟု ဦးအေးသာအောင်က ပြောသည်။

ဦးအေးသာအောင်သည် ယနေ့ ဇွန်လ ၁၈ ရက်နေ့တွင် ကျောက်တော်မြို့သို့ ရောက်ရှိလာပြီး သာသနာ့ ဗိမာန်တွင်  မွန်းလွဲ ၁ နာရီအချိန်က ကျောက်တော်လူထုနှင့်တွေ့ဆုံခဲ့ကြောင်းလည်း သိရသည်။

“ကျွန်တော်တို့ကျောက်တော်လူထုကတော့ အဓိက လယ်ယာမြေ ကိစ္စရပ်တွေကို တင်ပြ တောင်းဆို ကြပါတယ်။ စားကျက်မြေဖော်ထုတ်ပေးဖို့ကိစ္စ၊ စားကျက်မြေရပြီဆိုပေမယ့် လက်ထဲ မရောက်သေးတဲ့ ကိစ္စ၊ နောက်ပြီး ပုံစံ (၇)မရတဲ့အတွက် ဘဏ်ချေးငွေမရသေးအကြောင်းနဲ့ ကျောက်တော်မြို့အင်္ဂါရပ်နဲ့ မလိုက်ဘက်တဲ့ မီးသတ်စခန်းကို နေရာပြောင်းရွှေ့ပေးဖို့ ကိစ္စရပ်တွေကို တင်ပြ တောင်းဆို ခဲ့ကြပါတယ်။ ဦးအေးသာအောင်ကတော့ အခုတင်ပြချက်တွေကို လွှတ်တော်က ရှင််းလို့ရမယ့် ကိစ္စတွေကို လွှတ်တော်ကိုတင်ပြပြီး တချို့ ပြည်နယ်ဝန်ကြီးအဆင့်နဲ့ ရှင်းလို့ရမယ့် ကိစ္စတွေဆို ပြည်နယ် အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်ပေးသွားမယ်လို့ ပြောသွားပါတယ်” ဟု ကျောက်တော်မြို့ခံ ကိုထွန်းထွန်းအောင်က ဦးအေးသာအောင်အား ကျောက်တော် ဒေသခံများက တင်ပြကြပုံနှင့် ပတ်သက်ပြီး ပြောကြားသည်။

ဦးအေးသာအောင်သည် ကျောက်တော်မှ တစ်ဆင့်  မြောက်ဦးနှင့် မင်းပြားမြို့များသို့ ဆက်လက် သွားရောက်မည်ဖြစ်ကြောင်း သိရသည်။

ဦးအေးသာအောင်သည် ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲကို ရခိုင်ပြည်နယ် မင်းပြားနှင့် မြေပုံမြို့နယ် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သည့် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သည်။  ယင်းနောက်ပိုင်း သူသည် လွှတ်တော်တွင် ပြည်ထောင်စု လွှတ်တော်၏ ဒုတိယနာယကနှင့် အမျိုးသား လွှတ်တော် ဒုတိယဥက္ကဋ္ဌရာထူးကို တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။

ဓာတ်ပုံ – ဦးအေးသာအောင်အား စစ်တွေလေဆိပ်တွင် ရခိုင်ပြည်ဝန်ကြီးချုပ်နှင့်အဖွဲ့က လာရောက်ကြိုဆိုနေသည်ကိုတွေ့ရစဉ်။ ဓာတ်ပုံ- နောင်ခိုင်အောင်

Most read this week

January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...