ရခိုင်အမျိုးသားပါတီ တောင်ကုတ်၊ သံတွဲ ရေဘေးအတွက် ကူညီ

ရခိုင်အမျိုးသားပါတီ တောင်ကုတ်၊ သံတွဲ ရေဘေးအတွက် ကူညီ
by -
နိရဥ္စရာ
မကြာသေးမီ ရက်ပိုင်းအတွင်းက ရေကြီးမှုများဖြစ်ပေါ်ပြီး လူသေဆုံးမှုများ၊ လူနေအိမ်များ ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သည့် ရခိုင်ပြည်နယ်  တောင်ကုတ်မြို့နယ်နှင့် သံတွဲမြို့နယ်ရှိ ကျေးရွာများသို့ ရခိုင်အမျိုးသားပါတီ ANP မှ အကူအညီများ ပေးအပ်လျက်ရှိသည်ဟု သိရသည်။

ထိုကဲ့သို့ အကူအညီ ပေးနေသည့် အနေအထားနှင့်ပတ်သက်၍ ရခိုင်အမျိုးသားပါတီမှ ဒုဥက္ကဋ္ဌ တစ်ဦးဖြစ်သူ ဦးခိုင်ပြည်စိုးက နိရဥ္စရာသတင်းဌာနသို့ ဇွန်လ ၁၈ ရက်နေ့ (ယနေ့) တွင် အောက်ပါအတိုင်း ပြောကြားသည်။

“ကျွန်တော်တို့ အကူအညီပေးတဲ့ နေရာမှာ ကော်မတီ တစ်ရပ် ဖွဲ့စည်းပြီး လုပ်ဆောင်နေတာပါ။ တောင်ကုတ်မြို့နယ်က သေဆုံးသူမိသားစုတွေနဲ့ အိမ်အပျက်အစီး ရှိတဲ့ မိသားစုတွေကို အကူညီပေးပြီးပါပြီး။ သေဆုံးသူမိသားစုတွေကို သေဆုံးသူတစ်ယောက်အတွက် ငွေကျပ် တစ်သိန်းရယ်၊ နောက်အိမ် လုံးဝ ပျက်စီးသွားတဲ့ မိသားစုအတွက်ကတော့ အိမ်တစ်ဆောင်အတွက် ၂ သိန်းကျပ်နဲ့ တစ်ဝက်တစ်ပျက် ပျက်စီးသွားတဲ့ မိသားစုတွေအတွက် အိမ်တစ်ဆောင်ကို တစ်သိန်းကျပ် ကျစီ ထောက်ပံ့ပေးခဲ့ပါတယ်”ဟု ပြောသည်။

တောင်ကုတ်မြို့နယ်တွင် အကူအညီပေးခဲ့ပြီးနောက်ပိုင်း သံတွဲမြို့နယ်တွင်လည်း ဆက်လက်အကူအညီပေးနိုင်ရန် သံတွဲမြို့နယ်ရှိ ပါတီများနှင့် လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံပြီး အကူအညီ ပေးရန် စီစဉ်လျက်ရှိသည်ဟု သိရသည်။

“သံတွဲမြို့နယ်မှာ ပျက်စီးဆုံးရှုံးသွားတဲ့ အိမ်ခြေပေါင်း ၁၆၃ ဆောင် ရှိပါတယ်။ အိမ်တွေပျက်စီးပြီး ဒုက္ခရောက်နေတဲ့ မိသားစုတွေအတွက် စားနပ်ရိက္ခာတွေကို လူမှုအဖွဲ့အစည်းတွေက ကူညီထားကြလို့ အတိုင်းအတာ တစ်ခုထိ အဆင်ပြေနေပါပြီ။ ဒါပေမယ့် နေစရာကျတော့ မရှိကြသေးဘူး၊ မြေကြီးမှာ နေနေကြရပါတယ်။ ရခိုင်အမျိုးသားပါတီ အနေနဲ့ သူတို့ယာယီ နေထိုင်နိုင်ဖို့ ၈ ပေ ၁၂ ပေ ယာယီ အိမ်လေးတွေကို သွပ်နဲ့ ၅ ထပ်သားတွေနဲ့ ဆောက်လုပ်ပြီး လှူဒါန်းသွားပါမယ်။ အိမ်တစ်ဆောင်အတွက် ၂ သိန်းကျပ်ကျစီ ကူညီပံ့ပိုးပေးသွားပါမယ်”ဟု ဦးခိုင်ပြည်စိုးက ဆက်ပြောသည်။

ယင်းသို့ အိမ်များဆောက်လုပ်လှူဒါန်းနိုင်ရန် ရခိုင်အမျိိုးသားပါတီ မြို့နယ်ဌာနခွဲများကို အကူအညီတောင်းခံထားပြီး ယနေ့အချိန်အထိ အလှူငွေ ကျပ်သိန်း ၁၀၀ ကျော် ရရှိထားပြီဖြစ်ကြောင်း သိရသည်။

May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...