“ MoU ထဲမှာ တချို့ Top secret လို့ခေါ်တဲ့ မသိအပ်တဲ့ နိုင်ငံတော်ဆိုင်တဲ့ ထိပ်ပိုင်း လျို့ဝှက်ချက်တွေက လွဲရင် ကျန်တဲ့ အရာလေးတွေကို ကျမတို့ပြည်သူတွေကို ချပြပေးစေချင်ပါတယ်။ ဒီ MoU ထဲမှာ ဘာတွေ လုပ်ထားသလဲပေါ့နော်။ ဘာတွေသဘောတူညီထားသလဲ။ ကျမတို့ ဒေသခံတွေ ရပိုင်ခွင့်တွေက ဘာတွေလဲပေါ့။ အဲဒါလေးတွေ ချပြပေးဖို့လိုပါတယ်” ဟု ရခိုင်သဟာယအသင်းမှ ဒေါ်နှင်းယုရွှေက ပြောသည်။
AD 7 လုပ်ကွက်တွင် ၀င်ရောက်လုပ်ကိုင်နေသော Woodside ကုမ္ပဏီမှ တာဝန်ရှိသူများ အပါအဝင် စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် ဇွန်လ ၈ ရက်နေ့က စစ်တွေမြို့သို့ ရောက်ရှိလာပြီး လုပ်ကွက် AD 7 တွင် သဘာဝ ဓာတ်ငွေ့တွေ့ရှိထားကြောင်းကို ရခိုင်သေခံ တစ်ချို့အား ရှင်းလင်း ချပြပြောဆိုခဲ့သည်ဟု သိရသည်။
၎င်းတွေ့ဆုံပွဲ နောက်ပိုင်း Woodside ကုမ္မဏီနှင့်မြန်မာ အစိုးရကြား လက်မှတ်ရေးထိုးထားသော MoU နှင့် ပတ်သက်ပြီး ရခိုင်ပြည်သူလုထုအား ပွင့်လင်းမြင်သာစွာ ချပြန်ရန် လိုအပ်ကြောင်း ရခိုင်သဟာယအသင်းမှ ဒေါ်နှင်းယုရွှေက ပြောကြားလိုက်ခြင်း ဖြစ်သည်။
သြစတြေးလျ Woodside ကုမ္ပဏီက ရခိုင်ကမ်းလွန်ပင်လယ်ပြင် လုပ်ကွက် AD 7 တွင် ယခုနှစ် ဖေဖော်ဝါရီလ အတွင်း သဘာဝ ဓာတ်ငွေ့ တူးဖော်တွေ့ရှိထားကြောင်း သိရသည်။
AD 7 လုပ်ကွက်တွင် တွေ့ရှိသည့် ဓာတ်ငွေ့ကို စီးပွားဖြစ်ထုတ်ယူလို့ ရ/မရဆိုသည်ကို ဆက်လက် စမ်းသပ် တူးဖော်ရဦးမည်ဖြစ်ကြောင်း၊ စီးပွားဖြစ်ထုတ်ယူသုံးစွဲ၍ရပါက ပြည်တွင်းသုံးအတွက် အဓိက ဦးစားပေး သွားမည်ဖြစ်ကြောင်း ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းဌာန တာဝန်ရှိသူများက ပြောဆိုခဲ့သည်ဟု သိရသည်။
“ကျနော်တို့က ပြည်တွင်း သုံးဖို့ အတွက် ရည်ရွယ်ပြီးတော့ ထုတ်လုပ်မှာဖြစ်တဲ့ အတွက် ပြည်နယ်မှာရှိတဲ့ စီးပွားရေး လုပ်ငန်းတွေ၊ စက်မှုလုပ်ငန်းတွေ၊ ဓာတ်ငွေ့ကို အသုံးနိုင်တဲ့လုပ်ငန်းတွေ ရှိခဲ့လို့ရှိရင် ပြည်နယ်ရဲ့ လိုအပ်ချက်ကို ဗဟိုအစိုးရကိုတင်ပြပြီးတဲ့ အခါကျရင် လိုအပ်တဲ့ဓာတ်ငွေ့ပမာဏကို တောင်းခံပြီးတော့ ထုတ်လုပ်တဲ့ ဓာတ်ငွေ့တွေကို ပြည်တွင်းသုံးကို ပြည့်မီအောင် ပေးသွားမှာဖြစ်ပါတယ်” ဟု မြန်မာ့ ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းဌာနခွဲဖြစ်သည့် ကမ်းလွန်ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးကျော်ဇေယျက ပြောကြားသွားခဲ့သည်။
မြန်မာအာဏာပိုင်များသည် ရွှေသဘာဝ ဓာတ်ငွေ့စတင် စမ်းသပ် တူးဖော်တုန်းကလည်း ရရှိလာသော ဓာတ်ငွေ့အထဲမှ အချို့ကို ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေ အတွက် အသုံးချမည် ဖြစ််ကြောင်း ပြောကြားခဲ့သော်လည်း အမှန်တကယ် တူးဖော်ရရှိလာသောအခါ တစ်စုံတစ်ရာ ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် အသုံးပြုခြင်း မရှိကြောင်း သိရသည်။
“ကမ္ဘာ့ နိုင်ငံအသီးသီးက ကျနော်တို့တိုင်းပြည်မှာ ရခိုင်တွေကို တော်တော်ချမ်းသာတယ်၊ သူဌေးလို့ ထင်ကြတယ်။ ဒါပေမယ့် ကျနော်တို့ ရခိုင်ဒေသခံတွေဟာ ရွှေပုံပေါ်မှာထိုင်ပြီး ဆင်းရဲနေကြပါတယ်။ ဓာတ်ငွေ့နဲ့ ပတ်သက်ပြီး ဘာမှ ခွဲဝေသုံးစွဲတဲ့ နေရာမှာ ညီမျှမှု လုံးဝ မရှိပါဘူး။ အခုလည်း ကျောက်ဖြူမှာ ရွှေဂတ်စ်တွေ ထွက်နေတာပဲ။ ဒါပေမယ့် ကျနော်တို့ ဒေသခံတွေဟာ ခံစားခွင့် မရှိကြပါဘူး။ ဥပမာဆိုပါစို့၊ ကျနော်တို့ ၅ ရာခိုင််နှုန်းလား၊ ၂ဝ ရာခိုင်နှုန်းလား၊ ၅ဝ ရာခိုင်နှုန်းလား။ မသိရဘူး။ ပါတီ အဖွဲ့အစည်း တွေကလည်း လွှတ်တော်မှာ တင်တာတွေရှိတယ်။ အဲဒါတွေလည်း ဘယ်လောက် ခံစားရမယ်ဆိုတာ အခု အစိုးရသစ် လက်ထက်မှာထိ ကျနော်တို့ မသိရသေးဘူး။ ရခိုင်သဘာဝ ဓာတ်ငွေ့ တူးဖော်မှုနဲ့ ထိန်ချန် မထားဘဲ ပွင့်လင်း မြင်သာစွာချပြဖို့ လိုအပ်နေပါပြီ ”ဟု စစ်တွေမြို့ခံ ဦးစံရှားမောင်က ဆိုသည်။
ရခိုင်ကမ်းလွန်ပင်လယ်ပြင်မှထွက်ရှိနေသည့်ဓာတ်ငွေ့များကို တရုတ်နိုင်ငံသို့ အဓိကထား တင်ပို့နေခြင်းဖြစ်သည်။







