ရခိုင် ကွန်ယက် ဖွဲ့စည်းမည်

ရခိုင် ကွန်ယက် ဖွဲ့စည်းမည်
by -
နိရဥ္စရာ
ဇွန်လ ၁၂ ရက်နေ့ က စစ်တွေမြို့ ရွှေဂရုနာဆေးခန်း ခန်းမတွင်ပြုလုပ်သည့် စစ်တွေမြို့ပေါ်ရှိ လူမှု အဖွဲ့အစည်းများ အစည်းအဝေးက ရခိုင်တစ်ပြည်လုံးကို ကိုယ်စားပြုသည့် ကွန်ယက်တစ်ခုကို ဖွဲ့စည်းရန် တညီညွတ်တည်း ဆုံးဖြတ်ခဲ့ကြသည်ဟု သိရသည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ် အသီးသီးရှိ လူမှုအဖွဲ့အစည်းများ အချင်းချင်း ကြားထဲတွင်သော်လည်းကောင်း၊ မြို့နယ်အသီးသီး အတွင်းရှိ လူမှုအဖွဲ့အစည်းများ အချင်းချင်းအကြားတွင်သော်လည်းကောင်း ညှိနှို်င်းစေ့စပ် ဆောင်ရွက်မှု အားနည်းနေမှုများ ရှိနေသဖြင့် ရခိုင်ပြည်နယ်ရှိ လူမှုအဖွဲ့အစည်များ အကြား ဆက်စပ် ဆောင်ရွက်နိုင်ရန် ရခိုင်ပြည်လုံးကို ကိုယ်စားပြုနိုင်သည့် ကွန်ယက်တစ်ခုကို ဖွဲ့စည်းရန် စီစဉ် လုပ်ဆောင်လာကြခြင်း ဖြစ်သည်။

၄င်းအစည်းအဝေးတွင် ဦးဆောင် သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သူ စစ်တွေမြို့ပေါ်ရှိ သက်ကြီးဝါရင့် နိုင်ငံရေးသမားတစ်ဦးဖြစ်သူ ဦးမောင်ဗသိန်းက စစ်တွေမြို့ပေါ်တွင် လူမှုအဖွဲ့အစည်း အများအပြား ရှိနေသော်လည်း စနစ်တကျနှင့် အလုပ်လုပ်နိုင်သည့် အဖွဲ့အစည်းနည်းပါးကြောင်း၊ အဖွဲ့အစည်းအများစုမှာ အလုပ်မလုပ်နိုင်သည့် အဖွဲ့အစည်းများဖြစ်နေသည်ကို တွေ့ရှိရကြောင်း ထည့်သွင်းပြောကြားခဲ့သည်။၏

IMG20160612142644

၎င်းပြင် ဆရာကြီးက “ဒီမိုကရေစီစနစ် ပွင့်လင်း အားကောင်းလာစေဖို့အတွက် လူမှုအဖွဲ့အစည်းတွေ အားကောင်းဖို့ လိုအပ်တယ်ဆိုတာကို ယခု မြန်မာနိုင်ငံအစိုးရ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူတိုင်းက လက်ခံထားတာကို တွေ့ရှိရပါတယ်။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ဆောင်တဲ့ အခါမှာလည်း ရခိုင်ပြည်နယ်ရှိ လူမှုအဖွဲ့အစည်းတွေ အားကောင်းလာပြီးတော့ ညီညီ ညွတ်ညွတ်နဲ့ ခိုင်ခိုင်မာမာ လုပ်ဆောင်ဖို့ လိုအပ်လာပါတယ်” ဟု ပြောကြားသည်။

စစ်တွေ အခြေစိုက် အန်ဂျီအို တစ်ခု ဖြစ်သည့် People for People (PFP) မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ခိုင်ပြည်သိန်း(ခ) ထွန်းထွန်းက ရခိုင်ပြည်နယ်ရှိ လူမှုအဖွဲ့အစည်းများကို ကိုယ်စားပြုသည့် ကွန်ယက် တစ်ခုဖြစ်ပေါ်ရေးအတွက် ဆောင်ရွက်ရာတွင် ဖိုရမ်အနေဖြင့် မည်ကဲ့သို့ ပူးပေါင်း လုပ်ဆောင် ရမည်ကို ထည့်သွင်း စဉ်းစားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကွန်ယက်ဖွဲ့စည်းရေးကို ထောက်ခံဆွေးနွေးသူ သက်ကြီးဝါရင့်နိုင်ရေးသမား ဦးစိန်စောလှက “ရခိုင်တစ်ပြည်လုံးကို ကိုယ်စားပြုတဲ့ကွန်ယက်ဟာ ခိုင်မာတဲ့ရပ်တည်ချက်နဲ့ ဖွဲ့စည်းလိုက်တဲ့ ကွန်ယက်ဖြစ်ဖို့ လိုအပ်တယ်။ အဲ့ဒီလိုဖွဲ့စည်းနိုင်မှ ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေးကို ဦးတည် သွားနိုင်မယ်။ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေအနေနဲ့လည်း ငြိမ်းချမ်းရေးကို တောင်းဆိုကြရမယ်။ အသိ ပညာရှင် အတတ်ပညာရှင်တွေကိုလည်း ထည့်သွင်းဖွဲ့စည်းပေးစေလိုတယ် ”ဟု ပြောကြားသွားသည်။

ယင်းအစည်းအဝေးတွင် ကွန်ယက်တစ်ခုဖြစ်ပေါ်ရေးအတွက် Center for Humanitarian Dialogue (HD) မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးမောင်နီက HD အနေဖြင့် မြန်မာကျပ်ငွေ ၄၅ သိန်းထောက်ပံ့ပေးရန် အဆိုပြုခဲ့သော်လည်း  တက်ရောက်လာသည့် အဖွဲ့အစည်း ကိုယ်စားပြုကိုယ်စားလှယ်များက လက်မခံခဲ့ကြဟု သိရသည်။

၄င်းအစည်းအဝေးသို့ စစ်တွေမြို့ပေါ်ရှိ စည်းထိန်းရဟန်းတော်အဖွဲ့၊ မဘသ အဖွဲ့မှ တာဝန်ရှိရဟန်းတော်များ၊ သက်ကြီး ၀ါရင့်နိုင်ငံရေးသမားများ၊ မြို့မိမြို့ဖများ၊ လူမှုအဖွဲ့အစည်းအသီးအသီးမှ ကိုယ်စားပြုသူများ ၁၀၀ နီးပါးခန့် တက်ရောက်ခဲ့ကြသည်။

ညိနိုင်း အစည်းအဝေးကို စစ်တွေမြို့ပေါ်ရှိ လူမှုအဖွဲ့အစည်းများ ညှိနှို်င်းရေး ကော်မတီ (ယာယီ) က စီစဉ် ဆောင်ရွက်ခဲ့သည်ဟု သိရသည်။

အစည်းအဝေးကို မွန်းလွဲ ၂ နာရီတွင်စတင်ပြီး ညနေ ၅ နာရီခန့်တွင် ပြီးဆုံးခဲ့သည်။

Most read this week

January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...