“ရခိုင်နယ်ချဲ့တော်လှန်ရေးခေါင်းဆောင်ဦးစိန္တာ” စာအုပ်ထွက်ရှိ

“ရခိုင်နယ်ချဲ့တော်လှန်ရေးခေါင်းဆောင်ဦးစိန္တာ” စာအုပ်ထွက်ရှိ
by -
နိရဥ္စရာ
နိုင်ငံရေး စိတ်ဝင်စားသူများသာမက သာမန်ပြည်သူများကပင် လေ့လာဖတ်ရှုသင့်သည့် ဦးကျော်ဖြူ (မြေပုံ) စုဆောင်းရေးသားသော “ ရခိုင်နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် ဦးစိန္တာ” စာအုပ် သည် ထွက်ရှိလာပြီ ဖြစ်သည်။

U Seinda bookစာမျက်နာ ၄၆၀ ပါရှိသော “ ရခိုင်နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် ဦးစိန္တာ” စာအုပ်တွင် ရခိုင်အမျိုးသား လွတ်မြောက်ရေး လူပ်ရှားမှု၊ ဗြိတိသျှ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်တော်လှန်ရေး၊ မြန်မာလွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်း စသည်တို့ကို အခန်းပေါင်း ၂၀ ခွဲပြီး တင်ပြထားသည်။

ဤစာအုပ်ကို ဖတ်ရှုခြင်းဖြင့် မြန်မာနိုင်ငံ လွတ်လပ်ရေး မတိုင်မီ ရခိုင်ပြည်တွင် ဖြစ်ပျက်ခဲ့သော နိုင်ငံရေး၊ လူမှုရေး စသည့် အကြောင်းအရာများကို ခရေစေ့တွင်းကျ သိရှိရမည့်အပြင် ဆရာတော် ဦးစိန္တာ၏ တော်လှန်ရေးသမားဘဝ၊  ကြာအင်းတောင်ညီလာခံနှင့် ဗိုလ်ချုပ်အောင်ဆန်း၊ ရခိုင်တော်လှန်ရေး၊ ကုလား-ရခိုင် အဓိကရုဏ်း စသည့် အရေးကြီးသည့် သမိုင်းဆိုင်ရာ အထာက်အထားများကို အသေးစိတ် ဖော်ပြထားခြင်းမှာ အလွန်စိတ်ဝင်စားဖွယ်ကောင်းလှသည်။

စာအုပ်ကို ပြုစုရေးသားသူ ဦးကျော်ဖြူ မြေပုံကလည်း “ ရခိုင်နယ်ချဲ့တော်လှန်ရေးခေါင်းဆောင် ဦးစိန္တာ” စာအုပ်အား စုဆောင်းရေးသားရခြင်းနှင့် ပတ်သက်ပြီး ရည်ရွယ်ချက် (၃) ရပ်ကိုလည်း ဖော်ပြထားပါသည်။

၎င်းရည်ရွယ်ချက် သုံးရပ်မှာ- (၁) အမျိုးသားလွတ်လပ်ရေးအတွက် သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့သော ဆရာတော် ဦးစိန္တာ၏ကျေးဇူးဂုဏ်ကို မမေ့ပျောက်စေရန်၊ (၂) ရှေးလူကြီးတို့ ကြိုးပမ်းခဲ့သည့် ဆရာတော် ဦးစိန္တာမော်ကွန်းတိုက်နှင့် ပန်းခြံ ဖြစ်မြောက်လာစေရန်၊ (၃) အတိတ်နိုင်ငံရေး ဖြစ်စဉ်များမှ သင်ခန်းစာယူ၍ အနာဂတ်နိုင်ငံ ကောင်းကျိုးအတွက် ပစ္စုပ္ပန်တွင် ဓမ္မဓိဌာန်ကျကျ တွေးခေါ်နိုင်ကြစေရန်တို့ ဖြစ်ကြပါသည်။

ဤစာအုပ်တွင် အလိုတော်ပြည့် ဆရာတော်ကြီး၏ ဥယျောဇဉ်၊ စီစဉ်သူ ချောင်းကြီးကျောင်းဆရာတော် ဘဒ္ဒန္တထေရိန္ဒ၏ အမှတ်တရ ကျေးဇူးတင်လွှာများကို ရေးသားထားကြသည်။

စာအုပ်စီစဉ်သူမှာ ဘိုမင်းဖြူ (ဥပဒေ) ဖြစ်ပြီး ထုတ်ဝေသူမှာ ရခိုင်သားကြီးစာပေဖြစ်ကာ ပထမ အကြိမ် အဖြစ် အုပ်ရေ ၁၀၀၀ ထုတ်ဝေသည်ဟုသိရှိရပါသည်။

Most read this week

January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...