မင်းပြားမြို့ အထက(၂)တွင် အန္တရာယ်အဆင့်ရှိ စာသင်ဆောင်ကို အသုံးပြုနေရ

မင်းပြားမြို့ အထက(၂)တွင် အန္တရာယ်အဆင့်ရှိ စာသင်ဆောင်ကို အသုံးပြုနေရ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်မင်းပြားမြို့ပေါ်တွင် တည်ရှိသည့် အထက (၂) တွင် စာသင်ဆောင် တစ်ခုမှာ အန္တရာယ် ကျရောက်မည့် အဆင့်သို့ ရောက်နေသော်လည်း တစ်ခြား စာသင်ဆောင် အပို မရှိသဖြင့် ဆက်လက် အသုံးပြုနေရသည်ဟု သိရသည်။

မင်းပြားမြို့ အထက (၂) တွင် ကျောင်းသား ၁၃၀၀ ခန့်ရှိပြီး ကျောင်းဆောင် အခက်အခဲကြောင့် နှစ်ချိန်ခွဲပြီး စာသင်ကြားနေ ရသော်လည်း စာသင်ဆောင် မလုံလောက်မှုကြောင့် ၎င်းအန္တရာယ် ရှိသည့် အဆင့်သို့ ရောက်ရှိနေသော ကျောင်းဆောင်တွင် စာသင်ပြနေကြရသည်ဟု သိရသည်။

“ကျွန်မတို့ကတော့ ဒီကျောင်းဆောင်ကို အသုံးမပြုဖို့ ပြောလိုပါတယ်။ မနှစ်က ရန်ကုန်မှာ ဖြစ်ပျက်ခဲ့သလို ကျောင်းသားတွေ ထိခိုက်နစ်နာတဲ့ အနေအထားမျိုးကိုဖြစ်ဖို့ ကြောက်ပါတယ်။ ကလေးတွေကို ကျောင်းပို့ရတာ မိဘတွေအတွက် အခု စိုးရိမ်စရာ ဖြစ်နေရပါပြီ” ဟု ကျောင်းသား မိဘတစ်ဦးက နိရဥ္စရာသို့ပြောသည်။

စာသင်ဆောင်အခက်အခဲရှိသဖြင့် ၎င်းနှစ်ထပ်ကျောင်းကို ဘေးက ကျားကန် ဒေါက်ထောက်ပြီး အသုံးပြုနေရခြင်းမှာ ဟုတ်မှန်ကြောင်း၊ သို့သော်လည်း အပေါ်ထပ်ကို အသုံးမပြုဘဲ အောက်ထပ်ကိုသာ အသုံးပြုနေခြင်းဖြစ်ကြောင်း၊ ၎င်းနှစ်ထပ် ကျောင်းဆောင်ကို အသုံးမပြုပါက နောက်ထပ် အခန်း (၈) ခန်းပါသော ကျောင်းဆောင် တစ်ဆောင် လိုအပ်မည် ဖြစ်ကြောင်း  မင်းပြား အထက(၂)တွင်ကျောင်းအုပ် ဆရာကြီး ဦးစံညွန့်ရွှေက နိရဥ္စရာသို့ ပြောသည်။

“ကျွန်တော်က ဒီကျောင်းကပဲ ကျောင်းတက်ရောက်ခဲ့ကြတာပါ။ဒီကျောင်းက ၁၉၇၀ ကပင်ကျောင်းပါ။ ရ၃ ခုနှစ်မှာတစ်ခါ ရ၉ မှာတစ်ခါ နှစ်ခါ မွမ်းမံပြီးတော့ ခုထိပြင်ဆင်မှုမရှိသေးပါ။ ခေတ်အဆက်ဆက်က တာဝန်ရှိ ဆရာတွေလည်း ပြင်ဆင်ဖို့ အထက်ကို တောင်းဆိုခဲ့ပေမယ့် ခုထိ မရသေးပါဘူး။ အခုက ဒီကျောင်းဆောင်မှာက အပေါ်ထပ်ကို သုံးလို့မရတော့ပါဘူး။ အောက်က ဒီအခန်း ၃ ခန်းမှာပဲ နှစ် ချိန်ခွဲ သင်နေရပါတယ်” ဟု ပြောသည်။

ကျောင်းသားဟောင်း တစ်ဦးဖြစ်သူ အကျိုးတော်ဆောင် ဦးသိန်းစံကလဲ “ဒီကျောင်းဟာ လက်ရှိချိန်မှာ အန္တရာယ်ဆောင်ဖြစ်နေပါတယ်၊ ဘယ်နေ့ပြိုပျက်မယ်မှန်းမသိ။ ကျောင်းသားတွေရော ဆရာမတွေကိုပါ စိုးရိမ်စိတ်နဲ့ သင်ကြားနေပါတယ်။ ယခင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း ရောက်တုန်းကလဲ တင်ပြခဲ့ပါတယ်။ စီစဉ်ပေးမယ်လို့ ပြောတယ်။ လက်တွေ့မှာ မြင်တဲ့ အတိုင်းပါပဲ” ဟု နိရဥ္စရာသို့ ပြောဆိုသည်။

May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...
May 13, 2026
သျှင်မင်းဇံ — ရခိုင်ပြည်နယ်၊မင်းပြားမြို့နယ်၊ ကမ်းနီကျေးရွာတွင် ပြီးခဲ့သည့် မေလ ၈...
May 12, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ စစ်တွေမြို့တွင်အာဏာသိမ်းအကြမ်းဖက်စစ်တပ်မှဖမ်းဆီးသွားသည့်...
May 11, 2026
ပိုးဝါ — မွေးရာပါ ပိုလီယိုရောဂါသည်အမျိုးသမီးတစ်ဦးကို မုဒိမ်းကျင့်သူနှစ်ဦးအားအာရက္ခတပ်တော်(AA)...