“ဓညဝတီရဲ့ နွေအလှပန်းချီ” နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကို စစ်တွေကွန်ပျူတာတက္ကသိုလ်တွင် ပြုလုပ်

“ဓညဝတီရဲ့ နွေအလှပန်းချီ” နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲကို စစ်တွေကွန်ပျူတာတက္ကသိုလ်တွင် ပြုလုပ်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် စစ်တွေမြို့ ကွန်ပျူတာ တက္ကသိုလ်တွင် ရခိုင်ပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနနှင့် စစ်တွေ စာရေးဆရာများအသင်း၊ ပန်းချီ/ ကာတွန်ဆရာများအသင်းတို့ ပူပေါင်း၍ “ဓညဝတီရဲ့ နွေလှ ပန်းချီ” ခေါင်းစဉ်ဖြင့် နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲ တစ်ခုကို ပြုလုပ်နေကြောင်း သတင်း ရရှိသည်။

ဓညဝတီရဲ့ နွေလှ ပန်းချီ” နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲ ဖွင့်ပွဲအခမ်းအနားကို ဇွန်လ ၈ရက် ယနေ့ နံနက် ၈နာခွဲက ကွန်ပျူတာ တက္ကသိုလ်တွင် ပြုလုပ်ရာ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ တက္ကသိုလ်မှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

“မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးနဲ့ တရားမဝင်သယ်ဆောင်ရေး နှိမ်နင်းရေးအတွက် ဒီနေ့ အခမ်းအနားကို ကွန်ပျူတာတက္ကသိုလ်မှာ လာပြီးလုပ်ပေးတာဖြစ်ပါတယ်။ အဓိကတော့ နံရံကပ်စာစောင်နဲ့ ဓာတ်ပုံပြပွဲ လုပ်တာဖြစ်ပါတယ်။ မူးယစ်ဆေးဝါး အန္တရာယ်ကို တက္ကသိုလ်အဆင့် ကျောင်းသားတွေသိအောင်၊ နောက်သူတို့က တဆင့် သူတို့သူငယ်ချင်းတွေဆီဖြန့်ဝေနိုင်အောင်၊ ပြီးတော့ ပြည်သူလူထုကလည်း အမြင်ကျယ်လာပြီး ဒီမူးယစ်ဆေးဝါးကာကွယ်နှိမ်နင်းရေးတွေမှာ ပူးပေါင်းပါ၀င် ဆောင်ရွက်လာအောင်အတွက် ရည်ရွယ်ပြီး ပြုလုပ်ပေးတာဖြစ်ပါတယ်”ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက သတင်းထောက်များကို ပြောကြားသည်။

လူမှုရေးဝန်ကြီးသည် နံရံကပ်စာစောင်နှင့် ဓာတ်ပုံများကို လှည့်လည်ကြည့်ရှုခဲ့ပြီး အခမ်းအနား တက်ရောက် လာသော ကျောင်းသူ၊ ကျောင်းသားများကို အရက်၊ ကွမ်းနှင့် မူးယစ်ဆေးဝါး အန္တရာယ်များကို ရှင်းလင်း ပြောကြားခဲ့သည်။

IMG20160608084900

အလားတူ နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲများကို တက္ကသိုလ်ကျောင်းများအပြင် စစ်တွေမြို့ပေါ်ရှိ အထက်တန်း ကျောင်းများတွင်လည်း ဆက်လက်ပြုလုပ်သွားရန် အစီအစဉ်ရှိသည်ဟု စစ်တွေ စာရေးဆရားများ အသင်း ဥက္ကဋ္ဌ ဗဂျီးကျော်က နိရဥ္စရာသတင်းဌာနသို့ပြောသည်။

“ဒီလိုမျိုး ကွန်ပျူတာတက္ကသိုလ်မှာ လုပ်သလိုမျိုးပဲ တခြား အထက ကျောင်းတွေမှာလည်း ပြုလုပ်သွားမယ့် အစီအစဉ်တွေရှိပါတယ်။ ဒီကွန်ပျူတာတက္ကသိုလ်မှာတော့ ဒီပြပွဲကို ဒီကနေ့နဲ့ မနက်ဖြန်နှစ်ရက်တိုင်တိုင် ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီမှာပြသထားတဲ့ မူးယစ်ဆေးဝါး ဆိုးကျိုးတွေကိုမြင်ရတဲ့အတွက် ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ ရှောင်ကြဉ်နိုင်တဲ့ အသိတရားတွေ ရလာနိုင်မယ်လို့ယုံကြည်ပါတယ်”ဟု ဗဂျီးကျော်က ပြောသည်။

အဆိုပါ ပြပွဲအခမ်းအနားတွင် ကွန်ပျူတာတက္ကသိုလ်မှ ကျောင်းသူ၊ ကျောင်းသားများ၏ ကဗျာများကိုလည်း ထည့်သွင်းပြသထားသည်ဟု ကွန်ပျူတာတက္ကသိုလ်မှ ကထိကဆရာဦးသောင်းမြင့်ထွန်းက နိရဥ္စရာ သတင်းဌာနသို့ပြောသည်။

“ဒီလိုမျိုး ကွန်ပျူတာတက္ကသိုလ်မှာ မူးယစ်ဆေးဝါး ပညာပေးလာလုပ်ပေးတဲ့အထဲမှာ ကျွန်နော်တို့ ကျောင်းသားတွေရဲ့ လက်ရာ ကဗျာတွေကိုလည်း ထည့်သွင်းပြသထားပါတယ်။ ဒီလိုမျိုး လာလုပ်ပေးတဲ့ အတွက် ဆေးလိပ်နဲ့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ဟာတွေကို ဖော်ပြပေးထားတဲ့အတွက် ဆိုးကျိုးတွေကို ကလေးတွေသိရှိသွားပြီးတော့ ချင့်ချိန်သွားနိုင်လိမ့်မယ်လို့ ထင်တယ်”ဟု သူကပြောသည်။

နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲတွင် ကာတွန်း၊ ကဗျာနှင့် ဓာတ်ပုံများအပြင် စာအုပ်များကိုလည်း ခင်းကျင်းပြသထားသည်။

အခမ်းအနားသို့ တက်ရောက်လာသူ ကွန်ပျူတာတက္ကသိုလ်မှ ဒုတိယနှစ်ကျောင်းသူ မဝေမာလွင်ကလည်း “ဒီလိုမျိုးလုပ်တာ ကျွန်မတို့လူငယ်တွေအတွက် ကောင်းပါတယ်။ စာအုပ်တွေကိုလည်း ခင်းကျင်း ပြသထားတဲ့ အတွက် ကိုယ်မသိတဲ့ စာရေးဆရာတွေ၊ ကိုယ်မတွေ့ဖူးတဲ့စာအုပ်တွေကို တွေ့ရတဲ့အတွက် စိတ်ဝင်စားပါတယ်။ ကျွန်မက ဆရာဖေမြင့်ရေးတဲ့စာအုပ်တွေကို သဘောကျပါတယ်” ဟု ဆိုသည်။

ကွန်ပျူတာတက္ကသိုလ်မှ စတုတ္ထနှစ်ကျောင်းသူ မဦးမိုးဝေကလည်း “နံရံကပ်စာစောင်တွေအပြင် စာအုပ်တွေကို ခင်းကျင်း ပြသထားတဲ့အတွက် ပိုကောင်းပါတယ်။ ကျွန်မက စာဖတ်ဝါသနာပါပြီးတော့ နိုင်ငံခြား ဘာသာပြန် စာအုပ်တွေကို ကြိုက်နှစ်သက်ပါတယ်။ ဒီမှာ စိတ်ဝင်စားစရာ စာအုပ်တွေကို မှတ်သားထားလိုက်ပြီးတော့ ဆိုင်တွေက ငှားဖတ်ဖြစ်မှာ ဖြစ်ပါတယ်”ဟု ဆိုသည်။

ယခုအကြိမ် ကွန်ပျူတာတက္ကသိုလ်တွင် ပြုလုပ်သော နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြပွဲသည် ၄င်းတက္ကသိုလ်အတွက် ပထမဆုံးအကြိမ်ပြုလုပ်သည့် ပြပွဲဖြစ်ပြီး နောက်ထပ်လည်းပြုလုပ်ပေးစေချင်သည်ဟု ကျောင်းသူ၊ ကျောင်းသားများကပြောသည်။

Most read this week

January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...