(က) ရခိုင်ပြည်နယ်ရှိ သဘာဝသယံဇာတ အားလုံးကို ရခိုင်လူထု ပိုင်ဆိုင်သည်။
(ခ) ရခိုင်သယံဇာတများကို စီမံခန့်ခွဲရာတွင် ရခိုင်ပြည်နယ် အစိုးရမှ ကိုယ်ပိုင်ဆုံးဖြတ်ခွင့်နှင့် စီမံခန့်ခွဲပိုင်ခွင့် အပြည့်အဝ ရရှိရမည်။
(ဂ) ရခိုင်သဘာဝသယံဇာတ အရင်းအမြစ်မှ ရရှိသော ဘဏ္ဍာငွေများနှင့် အခွန်အခများကို ရခိုင်ပြည်နယ် အစိုးရမှ ပြည်ထောင်စု အစိုးရသို့ ခွဲဝေပေးသို့ စနစ်သို့ ကျင့်သုံးရမည် တို့ ဖြစ်ကြသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရခိုင့်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကွန်ရက်အဖွဲ့မှ ခေါင်းဆောင်များ၊ ရခိုင်အမျိုးသားပါတီမှ ထိပ်ပိုင်း ခေါင်းဆောင်များ၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များ စုပေါင်း၍ ဇွန်လ ၃ ရက်နေ့က စစ်တွေမြို့ ၌ ပြုလုပ်ခဲ့သော ရခိုင့်သယံဇာတနှင့် ရခိုင်ပြည်သူများ၏ ရပိုင်ခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ အပြီးတွင် ၎င်း လမ်းညွှန်မှု မူကြမ်း ၃ ရပ်ကို ချမှတ်ခဲ့ကြခြင်း ဖြစ်သည်။
“ဒီလိုမျိုးတွေဖြစ်လာဖို့ကတော့ ဖက်ဒရယ်ပြည်ထောင်စုဖြစ်ဖို့ အရေးကြီးပါတယ်။ ဖက်ဒရယ်ပြည်ထောင်စု ဖြစ်လာဖို့အ တွက် ၂၀၀၈ ဖွဲ့စည်းပုံကို အရင်ပြင်ဆင်ဖို့လိုပါတယ်။ ဒုတိယပင်လုံလို့ ဖြစ်လာရင် ဒါတွေကို ထည့်သွင်းစဉ်းစားရမှာပါ။ ဒါကြောင့် ကျွန်တော်တို့ သက်သက်မဟုတ်ဘဲ နိုင်ငံရေး အရပါ ဟန်ချက်ညီညီ လုပ်ဆောင်သွားဖို့လိုပါတယ်”ဟု ရခိုင့်သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်မှ ဦးထွန်းကြည်မှ နိရဥ္စရာသို့ ပြောသည်။
၎င်းပြင် အလုပ်ရုံဆွေးနွေးပွဲတွင် မူဝါဒဆိုင်ရာ အကြံပြုချက်များကိုလည်း ထည့်သွင်းရေးဆွဲခဲ့ကြသည်။ အခြေခံ လမ်းညွှန်မှု မူကြမ်း ၃ ရပ်နှင့် မူဝါဒဆိုင်ရာ အကြံပြုချက်များကို ဇွန်လ ၃ ရက်နေ့က ၎င်းအဖွဲ့၏ ထုတ်ပြန်သော သတင်း ကျေညာချက်တွင် ဖော်ပြထားကြောင်း သိရသည်။
ရခိုင့်သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကွန်ရက်မှ ကိုဇေယျကျော်ကလည်း “ကျွန်တော်တို့က ရခိုင်တွေပိုင်ဆိုင်တဲ့ ဒီသဘာဝ သယံဇာတတွေရဲ့ အကျိုးအမြတ်ကို ပြန်လည်တောင်းဆိုတဲ့ အခါမှာ အခြေခံတဲ့ အချက်အနေနဲ့ လူမျိုးစုကိုအခြေခံတဲ့ ဖက်ဒရယ်စနစ်နဲ့ သွားကြမှသာ အဆင်ပြေနိုင်မယ်။ ဒီအတွက် ကျွန်တော်တို့ သက်သက် မဟုတ်ဘဲနဲ့ လွှတ်တော် အမတ်တွေနဲ့ပါ ဆွေးနွေး တိုင်ပင်ပြီးတော့ ယုံကြည်မှုရှိစွာ လက်တွဲလုပ် ဆောင်ရွက်သွားကြဖို့ လိုအပ်ပါတယ် ” ဟု နိရဥ္စရာ ရခိုင်သတင်းဌာနသို့ ပြောသည်။







