“ အခမ်းအနားကို အင်ဒီးယားနား ပိုလစ် ( Indianapolis) မှာ မနေ့က ပြုလုပ်ပါတယ်။ အင်ဒီးယားနား ပိုလစ်မှာ ရှိတဲ့ ရခိုင်မိသားစုတွေနဲ့ အိုင်အိုဝါပြည်နယ်မှာ ရှိတဲ့ ရခိုင်မိသားစုတွေ တွေ့ဆုံကြတဲ့ ပွဲဖြစ်ပါတယ်။ လူဦးရေ ရခိုင်အင်အား သုံးရာကျော်လောက် ရှိမှာပါ” ဟု အိုင်အို၀ါ ပြည်နယ် ရခိုင်အမျိုးသားအသင်း ဥက္ကဋ္ဌကိုသာပွင့်က ပြောသည်။
ယခုကဲ့သို့ တွေ့ဆုံရခြင်းမှာ အမေရိကန်မှာ ရောက်ရှိနေကြသော ရခို်င်မိသားစုများ အနေဖြင့် တွေ့ဆုံပြီး လက်ရှိ စစ်ရေး စစ်ရာကြောင့် ဒုက္ခရောက်နေကြရသော ရခိုင်ပြည်သူများအတွက် အမြန်ဆုံး အခက်အခဲကြားက လွတ်မြောက်အောင် ရည်ရွယ်၍ ပြုလုပ်ခြင်း ဖြစ်ကြောင်း၊ အခမ်းအနားတွင် ရခိုင်ပြည်သူများနှင့် တိုင်းရင်းသား အပေါင်းတို့ စစ်ဘေးဒုက္ခ အပေါင်းမှ လွတ်မြောက်အောင် စုပေါင်း မေတ္တာပို့၊ ဆုတောင်းမှုများ ပြုလုပ်ခဲ့ကြောင်း သူက ဆက်လက် ပြောကြားသည်။
အင်ဒီယားနား ပြည်နယ် ရခိုင်အသင်း တာဝန်ခံ ကိုနီမင်းခိုင်ကလဲ “ အခုလို တွေ့ဆုံတာကတော့ အမေရိကန်မှာ ရောက်ရှိနေကြတဲ့ ရခိုင်အမျိုးသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရရှိအောင်နဲ့ ရခိုင်အချင်းချင်း လက်တွဲပြီးတော့ ရခိုင်အရေးကိစ္စတွေကို ရှေ့မှာ ဘယ်လို ဆောင်ရွက်နိုင်မလဲ ဆိုတဲ့ ရည်ရွယ်ချက်လည်း ပါ၀င်ပါတယ်။ အမေရိကန်က ကျယ်ပြန့်တော့ တစ်ယောက်နဲ့ တစ်ယောက် တွေ့ဆုံဖို့ဆိုတာ မလွယ်ပါ။ ဒါပေမယ့် အမျိုးသားရေး ကိစ္စတွေကို တတ်နိုင်သလောက် တစ်ယောက်နဲ့ တစ်ယောက်တွေ့ဆုံပြီး ညှိနိုင်းတိုင်ပင် လုပ်ဆောင်သွားဖို့ ရည်ရွယ်ပါတယ်” ဟု ပြောကြားသည်။
ရခိုင် စစ်ဘေးဒုက္ခသည်များအနေဖြင့်လည်း မိုးတွင်းကာလ ရောက်နေပြီ ဖြစ်သဖြင့် အထူးအခက်အခဲ ကျရောက်နေကြရကြောင်း၊ အစိုးရမှလည်း ဖိဖိစီးစီး ကူညီပေးမှု မရှိကြောင်း၊ ၀မ်းရောဂါ ဖြစ်ပွား၍ သေဆုံးမှုများလည်း ရှိနေသည်ဟု သိရကြောင်း၊ သူတို့အတွက် အကူအညီများ ထောက်ပံ့ရန်လည်း ဆွေးနွေးကြကြောင်း ကိုနီမင်းခိုင်က ပြောသည်။
တွေ့ဆုံဆွေးနွေးပွဲကို စီစဉ်သူများထဲမှ တစ်ဦးဖြစ်သူ ကိုခိုင်ထွန်းကလည်း “ ကျွန်တော်တို့ ဒီမှာ စုဆုံပြီးတော့ ရခိုင်ပြည်မှာ ပြည်သူတွေ စစ်ဘေးစစ်ဒဏ်က ကင်းလွတ်ဖို့ ဆုတောင်းပွဲ လုပ်ပါတယ်။ ဒီလို ဆုတောင်းပွဲ လုပ်တဲ့ အတွက် ရခိုင်ပြည် အေးချမ်းဖို့လို့လည်း မျှော်လင့်ပါတယ်။ ဘယ်လိုပဲ အခက်အခဲ ဖြစ်ဖြစ် စစ်ပြေး ဒုက္ခသည်တွေရဲ့ နောက်မှာ ရခိုင်ပြည်သူ တစ်ရပ်လုံး နောက်မှာ ရှိတယ်လို့ ပြောချင်ပါတယ်” ဟု ပြောသည်။
၎င်းပြင် အမေရိကန် ပြည်ထောင်စု တစ်ခုလုံးတွင် ရောက်ရှိနေသော ရခိုင်အမျိုးသား တစ်ခုလုံး ချိတ်ဆက် ဆောင်ရွက်နိုင်ရန် Network တစ်ခု လုပ်ရန် အစီအစဉ်ရှိကြောင်း၊ ယင်းသို့ လုပ်ဆောင်နိုင်ရန် ကြိုးစားနေကြောင်း၊ ထိုသို့လုပ်ဆောင်နိုင်ပါမှ ရခိုင်အရေးကို အမေရိကန်ရောက် ရခိုင်အမျိုးသားများ အနေဖြင့် ထိထိရောက်ရောက် ကူညီဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ကိုခိုင်ထွန်းက ပြောကြားသည်။
အခမ်းအနားကို နံနက် ၁၁ နာရီ မှ စတင်ပြီး ညနေ ၄ နာရီထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။







