ယခု လမ်းဖောက်လုပ်မှုသည် ၂၀၁၆ မေလ ၅ ရက်နေ့၌ နိုင်ငံတော်သမ္မတ ဦးထင်ကျော် လက်မှတ်ရေးထိုး ထုတ်ပြန်ထားသော လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည် စိစစ်ရေး ဗဟိုကော်မတီ ဖွဲ့စည်းခြင်း အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီးနောက်ပိုင်းတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

၎င်းကြော်ငြာချက် နောက်ဆုံး အပိုဒ်တွင် “ ယခု အစိုးရသည် လယ်ယာမြေ အငြင်းပွားမှု ပြဿနာများကို အထူးဦးစားပေးပြီး အမြန်ဆုံး ဖြေရှင်းရန် ကြိုးစားဆောင်ရွက်ရှိကြောင်း၊ လယ်ယာမြေသိမ်းဆည်းခြင်း ကိစ္စရပ်များကို ဥပဒေနှင့် အညီ ဖြေရှင်းဆောင်ရွက်ပြီးသည်အထိ ရပ်ဆိုင်းထားရန် ဖြစ်ပါသည်” ဟု ပါရှိသည်။
ပုဏ္ဏားကျွန်းစက်မှုဇုန် တည်ဆောက်ရာတွင် လယ်ယာမြေ အငြင်းပွားမှု ပြဿနာ ပေါ်ပေါက်နေစဉ် ပြဿနာကို မဖြေရှင်းဘဲ မြေတူးစက်ကြီးဖြင့် လမ်းဖောက်ရန် လယ်မြေများကို တူးဖေါ်ပစ်ခဲ့သည်ဟု ရေပေါက်ချောင်းရွာမှ လယ်ပိုင်ရှင် ဦးမောင်ကျော်ညွန့် က ပြောသည်။
“မေလ ၂၅ရက်နေ့က သူတို့ လမ်းလာဖေါက်ပါတယ်။ အဲဒီထဲမှာ ကျွန်တော့ လယ်လည်း နည်းနည်း ပါသွားပါတယ်။ လယ်ကို စက်နဲ့ စတင် ထိုးလာတော့ ကျွန်တော်က သွားတားပါတယ်။ မင်းတို့က တားဖို့ တာဝန်ရှိလို့ တားတာ၊ ငါတို့က လုပ်ဖို့ တာဝန်ရှိလို့ လုပ်တာဆိုပြီး လမ်းတာဝန်ခံ ဦးထိန်လင်းကပြောပါတယ်။ ကျွန်တော့ လယ် ၃ ဧက ကျော်ကတော့ လျော်ကြေးငွေ မယူထာသေးပါဘူး။ ကျွန်တော်တို့က ဒီနေ့ ကာလ ပေါက်စျေးနဲ့ဘဲ လျော်ကြေး လိုချင်တယ်။ ကျွန်တော်တို့ တောင်းဆိုတဲ့ အတိုင်း မပေးရင် လယ်ထွန်တဲ့အ ချိန်ကျရင်တော့ ကျွန်တော် ကိုယ့်လယ်ကို တက်ထွန် မှာဖြစ်ပါတယ်” ဟု ပြောသည်။
ပုဏ္ဏားကျွန်း စက်မှုဇုန် စီမံကိန်း အတွက် လယ်မြေဧက ၁၈၀၀ ကျော် လိုအပ်ပြီး ယင်းလယ်မြေများကို ၎င်းမြို့နယ် အတွင်းရှိ ရေပေါက်ချောင်း၊ ရေဖြူကန်၊ နတ်ဆိတ်၊ မင်းဂံ၊ တန်းစွယ်၊ ကျော်ဇံနှင့် ယာချောင်း စသည့် ကျေးရွာများမှ လယ်ပိုင်ရှင် ၂၆၀ နီး ထံမှ ၀ယ်ယူမည်ဟု သိရသည်။
စက်မှုဇုန်အတွင်း ပါ၀င်သော လယ်ယာမြေ တစ်ဧကကို ကျပ် ၂၅ သိန်းစျေးဖြင့် လျော်ကြေး အဖြစ် သတ်မှတ်ပြီး လယ်သမားများကို ပေးဆောင်ရာ ၎င်းငွေပမာဏမှာ နည်းလွန်းသဖြင့် အများစု အနေဖြင့် လက်မခံကြကြောင်း သိရသည်။
“ကျွန်တော်တို့က သင့်တင့်တဲ့ ကာလပေါက်စျေးကိုပဲ လိုချင်တာပါ။ သူတို့ပေးတဲ့ ၂၅ သိန်းဆိုတာက ဟိုအယင်လည်း ဒီစျေး၊ ခုလည်းဒီစျေး။ ကျွန်တော်တို့ ကတော့ ဟိုအရင်ကတာဝန်ရှိသူတွေကလည်း ပြေလည်အောင် ညှိနှိုင်းပေးဖို့ပြောခဲ့ပါတယ်။ ကျွန်တော်တို့ ၂၀၁၅ ခုနှစ်ကလည်း စာတင်ခဲ့ပါတယ် ဒါပေမယ့် တစ်စုံတစ်ရာ ပြေလည်အောင် လုပ်ပေးတာမရှိသေးပါဘူး”ဟု ရေပေါက်ချောင်း ကျေးရွာမှ လယ်ပိုင်ရှင် တစ်ဦးက နိရဥ္စရာသို့ ပြောသည်။
၄င်းစက်မှုဇုန် မြေဧရိယာထဲတွင် ရေပေါက်ချောင်းရွာမှ လယ်ပိုင်ရှင် ၆၀ ခန့်၏ လယ်မြေများ ပါဝင်နေပြီး မည်သူတစ်ဦးတစ်ယောက်မှ လျော်ကြေးငွေ ရယူထားခြင်း မရှိကြောင်း လယ်သမားများက ပြောကြားသည်။
တန်းစွယ်ကျေးရွာမှ လယ်သမား ဦးကျော်ဇံသာက ” လယ်မြေတွေကို လျော်ကြေးငွေပေးရာမှာတော့ ရေဖြူကန်နဲ့ ယာချောင်း ရွာတွေကလယ်သမားတွေ ငွေကြေးယူထားကြပါပြီ။ ဒီပြသနာက ကြာပါပြီ။ သူတို့လည်း သိတယ်။ ကျွန်တော်တို့ ကို တွေ့ဖို့ခေါ်တယ်။ တစ်ဧက ၂၅ သိန်းပဲပေးတယ်။ ကျွန်တော်တို့က ကိုယ်ဒေသ တိုးတက်မှုကို လိုလားပါတယ်။ ဖြစ်လည်းဖြစ်စေချင်ပါတယ်။ ဒါပေမယ့် လယ်တစ်ဧကကို ၂၅ သိန်းဆိုရင် ဒီငွေ ပမာဏက တနှစ်စာတောင် မိသားစု စားဖို့ မလောက်ငှနိုင်တာမို့ လယ်မြေတွေ ဆုံးရှံုးသွားကြရမယ့် ကျွန်တော်တို့ လယ်သမားတွေရဲ့ အနာဂတ်ဘဝကိုလည်း နားလည်စေလိုပါတယ်။ ဒါကြောင့် ဒီထက်ပိုပေးမယ့် စျေးနှုန်းကို ညှိနိုင်းစေလိုပါတယ်” ဟု နိရဥ္စရာသို့ပြောသည်။
ယခုပုဏ္ဏားကျွန်းစက်မှုဇုန်စီမံကိန်းအတွက် လမ်းဖေါက်လုပ်ရာတွင် လျော်ကြေး မပေးသေးသော လယ်မြေများပေါ်မှ ဖြတ်သန်း ဖေါက်လုပ်မှုများ ရှိကြောင်း လယ်သမားများမှ တိုင်ကြားမှုနှင့် ပတ်သက်ပြီး မေးမြန်းရာ BMIC ကုမ္ပဏီရဲ့ လမ်းတာဝန်ခံ ဦးထိန်လင်းက “ လမ်းမြေဖေါက်လုပ်ရာတွင် အထက်က အမိန့်စာများ အရ ဖေါက်လုပ်ခြင်းသာ ဖြစ်ကြောင်း၊ ငွေကြေးပေးချေထားသော လယ်မြေများကို သာ ဖေါက်လုပ်ခြင်း ဖြစ်ကြောင်း၊ ခင်ဗျားတို့ တားရင်လည်း ဆက်လုပ်မယ် ဆိုသည်မှာ စကားအရ ပြောခြင်းသာ ဖြစ်ကြောင်း” သူက ပြော သည်။
၎င်းပြင် ဦးထိန်လင်းက ” ကျွန်တော်တို့က ဒီဒေသကို တိုးတက် ဖွံ့ဖြိုး စေချင်တယ်။ အလုပ်အကိုင် အခွင့်အလမ်းတွေ ပေါ်ပေါက်စေချင်တယ်။ အခက်အခဲပြဿနာ အနေနဲ့က ဒီစီမံကိန်း အတွက်မြေဧက ၁၈၀၀ ကျော်လောက်ထဲက အများပိုင်ကုမ္ပဏီက တစ်ချို့ တစ်ဝက်ကို ငွေကြေးပေး ပြီးဝယ်ယူ ထားတာတွေ ရှိပါတယ်။ ကျန်တဲ့ တစ်ချို့ကိုလည်း ညှိနိုင်းပြီးတော့ လုပ်ဆောင်ဖို့ လိုပါတယ်” ဟု နိရဥ္စရာသို့ပြော သည်။
လမ်းမဖေါက်ရအောင် ခြံစည်းရိုးထိုးပြီး လယ်သမားများတားမြစ်နေကြသည်။







