“ဖွင့်ပွဲနေ့မှာ မိုးရွာသွန်းတဲ့အတွက် သတ်မှတ်ထားတဲ့ ပွဲမုခ်ဦးက မဖွင့်လှစ်နိုင်ဘဲ ဘုရားရဲ့ မုခ်ဦးထဲမှာပဲ ဖွင့်လှစ်ခဲ့ရပါတယ်။ ပထမနေ့မှာ ပရိသတ်ကလည်း နည်းပါတယ်။ ဒါပေမယ့် နောက်နေ့တွေမှာတော့ ရာသီဥတု အခြေအနေ ကောင်းလာတဲ့အတွက်ကြောင့် နှစ်တိုင်းလိုစည်ကားလာပါတယ်။ ဒီနေ့ဆို ပိုပြီးတော့ စည်ကားလာပါတယ်”ဟု သူက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
ပွဲကျင်းပ ပြုလုပ်ရခြင်းမှာ ဒေသတွင်းရှိပြည်သူများ အန္တရာယ်ကင်း ဘေးရှင်းစေရန် ဖြစ်သည်။
“ပွဲကျင်းပရတဲ့ ရည်ရွယ်ချက်ကတော့ တစ်နှစ်တစ်ကြိမ် ပဌာန်းတရားတွေကို ရွတ်ဖတ်ပူဇော်ပြီးတော့ ဘုရားအနေကဇာတင်ပွဲ ပါပါတယ်။ ဒီလိုပြုလုပ်ခြင်းအားဖြင့် ဒေသတွင်းမှာရှိတဲ့လူတွေ အန္တရာယ်ကင်း ဘေးရှင်းစေပါတယ်”ဟု ဦးရွှေမောင်က ပြောသည်။
ယင်းပွဲတော်သို့ သြဝါဒစရိယ ဆရာတော်ကိုးပါးကို ပင့်ဖိတ်၍ တရားနာကြားကာ နဝကံံမ ကပ်လှူခြင်း၊ ပွဲတော်သို့ လာရောက်ကြသည့် ပြည်သူများအတွက် ရခိုင်ရိုးရာ လှေလော်ပြိုင်ပွဲ၊ ရခိုင်ရိုးရာကျင်ပွဲ၊ ရခိုင်ရိုးအဖွဲ့က ဖျော်ဖြေခြင်းနှင့် ဇာတ်ပွဲလည်း ပါ၀င်သည်ဟု သိရသည်။

ရှစ်သောင်းပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ကဆုန်လပြည့်နေ့မှ စတင်၍ ကဆုန်လပြည့်ကျော် ၄ ရက်နေ့ထိ ၅ ရက်တိုင်တိုင်ကျင်းပ ပြုလုပ်သည်ဟု ဆိုသည်။
ရခိုင်ရိုးရာ လှေပြိုင်ပွဲတွင် ၆ လံ၊ ၈ လံနှင့် ၁၂ လံ အရှည် လှေပြိုင်ပွဲများပါ၀င်ပြီး၊ ၁၂ လံအရှည် လှေပြိုင်ပွဲတွင် ယခင်နှစ်များက ၃ -၄ သင်းခန့်သာ ရှိသော်လည်း ယခုနှစ်တွင် ပွဲတော်ပိုမိုစည်ကားစေရန် မြို့ပေါ်ရပ်ကွက် ရ ရပ်ကွက်ကိုကိုယ်စားပြုပြီး ရ သင်းကို ပါ၀င်ယှဉ်ပြိုင်စေသည်ဟု ဂေါပက ဥက္ကဋ္ဌက ပြောသည်။
ရှစ်သောင်းဘုရားပွဲတွင် ဒုတိယသင်္ကြန်အနေဖြင့် ပွဲကြည့်ပရိသတ်များက လှေပြိုင်ပွဲပြုလုပ်သည့်နေရာတွင် အပျော်စီးလှေများဖြင့် ရေပက်ကာ ကခုန်ပျော်မြူးကြသည်။
“ရှစ်သောင်းဘုရားပွဲကို တစ်ခါမှ မကြံုဖူးပါဘူး။ ဒါက ပထမအကြိမ်ပါ။ ကျွန်တော့်အတွက် သိပ်ထူးထူးခြားခြား မြင်တွေ့ရပါတယ်။ ထူးခြားမှုဆိုတာက အထူးသဖြင့် လှေလှော်ပြိုင်ပွဲလုပ်ရင် တခြားနေရာတွေမှာဆိုရင် ပရိသတ်တွေက ကမ်းကနေပြီးတော့ ကြည့်ကြရတာဖြစ်ပါတယ်။ အခု ရှစ်သောင်းပွဲမှာတော့ ကုန်းပေါ်က ကြည့်တာသက်သက် မဟုတ်ဘဲ ရေထဲမှာပါ လှေကိုယ်စီနဲ့ မိသားစုလိုက်၊ သူငယ်ချင်းတွေ အုပ်စုလိုက် ကကြတယ်၊ ခုန်ကြတယ်၊ အတူတူ ရေပက်ကြတယ်။ ဒီလိုမြင်ကွင်းတွေကတော့ တစ်ခြားနေရာတွေမှာလည်း တစ်ခါမှ မကြံုဖူးပါဘူး။ မြင်လည်း မမြင်ဖူး၊ ရှိလည်း မရှိဘူးလို့ ထင်ပါတယ်”ဟု ယခုလက်ရှိ အမေရိကအပါ၀င် ပြည်ပတွင် နှစ်ပေါင်း ၂၀ ခန့် နေထိုင်ပြီးမှ ရခိုင်ပြည်နယ်သို့ ပထမဆုံးအကြိမ် လည်ပတ်သူ ကိုလှဌေးက နိရဥ္စရာသတင်း ဌာနသို့ ပြောသည်။
ယင်းကဲ့သို့ မြင်တွေ့ရ၍ အထူးကြည်နူးမိကြောင်း၊ အထူးသဖြင့် ရှစ်သောင်းဘုရားပွဲတွင် ရိုးရာလှေပြိုင်ပွဲ၊ ကျင်ပွဲများလုပ်ကြောင်း၊ ကျင်ပွဲဆိုလျှင် ခြိမ့်ခြိမ့်သဲ စည်ကားကြောင်း၊ သူ့အနေဖြင့် ဤကဲ့သို့ ကြီးကျယ်သည့် ကျင်ပွဲများကို တစ်ခါမှ မကြည့်ဖူးကြောင်း၊ ရှစ်သောင်းပွဲတော်ကို တစ်ခါမှ မကြံုဖူးသည့် ပြည်ပတွင် ရောက်နေကြသူများနှင့် မြန်မာပြည်တွင်နေထိုင် နေကြသူများအနေဖြင့် ရှစ်သောင်းဘုရားပွဲကို လာရောက်စေလိုကြောင်း ကိုလှဌေးက ပြောသည်။
“ပြည်တွင်း ပြည်ပမှ တစ်ခါမှ မရောက်ဖူးတဲ့သူတွေကို ရောက်စေချင်တယ်။ လာပြီးတော့ ကြည့်စေချင်ပါတယ်။ အထူးသဖြင့် ဒီပွဲက ရခိုင်ရိုးရာကျင်ပွဲတွေကို ကြည့်ရတယ်။ ပြီးတော့ ဘုရားလည်း ဖူးလို့ရတယ်။ နောက်ပြီးတော့ ဒီလှေပြိုင်ပွဲက ထူးထူးခြားခြား မြင်တွေ့ရတယ်။ အထူးသဖြင့်တော့ ချောင်းထဲမှာ ရခိုင်ရိုးရာသီချင်းတွေနဲ့ သော့သော့ညံနေတယ်။ လူငယ်၊ လူလတ်၊ လူကြီး အရွယ်အားလုံးက ကကြတယ်၊ ခုန်ကြတယ်၊ ရေပက်ကြတယ်၊ လှေပြိုင်ပွဲကလည်း သူ့ဟာနဲ့သူ ပြိုင်နေကြတယ်။ ဆိုတော့ ချောင်းတစ်ချောင်းလုံးဟာ သောင်းသောင်းညံနေပါတယ်။ ဒီလိုပွဲမျိုးကို အထွတ်အမြတ်အနေနဲ့ လာကြည့်စေချင်ပါတယ်”ဟု သူကပြောသည်။
ယခုနှစ်တွင် ကျင်းပသော ရှစ်သောင်းပွဲတော်သည် ၈၈ ကြိမ်မြောက်ပြီဖြစ်ကြောင်း ရှစ်သောင်းဂေါပက အဖွဲ့ဥက္ကဋ္ဌ ပြောပြချက်အရ သိရသည်။
ဓါတ်ပုံ-(လှဌေး၊ အမေရိက)







