အောင်တံခွန်(၂)သင်္ဘော ပုဏ္ဏားကျွန်း ဆိပ်ကမ်းအနီး ကုန်းပေါ်ထိုးတင်၊ ခရီးသည်များ တစ်စုံတစ်ရာ အထိအခိုက်မရှိ

အောင်တံခွန်(၂)သင်္ဘော ပုဏ္ဏားကျွန်း ဆိပ်ကမ်းအနီး ကုန်းပေါ်ထိုးတင်၊ ခရီးသည်များ တစ်စုံတစ်ရာ အထိအခိုက်မရှိ
by -
နိရဥ္စရာ
အောင်တံခွန် အမှတ် (၂) သဘောင်္သည် မြောက်ဦးမြို့မှ စစ်တွေသို့ ခုတ်မောင်းလာရာ ရေစီးကြမ်းသဖြင့် ထိန်းမနိုင်ဘဲ ပုဏ္ဏားကျွန်း ဆိပ်ကမ်းအနီး ကမ်းပါးတွင် သောင်တင်သွားခဲ့ကြောင်း သိရသည်။

သင်္ဘောပေါ်တွင် ခရီးသည် ၃၀ ခန့် ပါ၀င်သော်လည်း တစ်စုံတစ်ရာ မထိခိုက်ဘဲ ကယ်တင်နိုင်လိုက်သည်ဟု သင်္ဘောအား ဌားရမ်း လုပ်ပိုင်ခွင့်ရထားသော ရက္ခတိအားမာန် သင်္ဘောကုမ္ပဏီမှ ဒါရိုက်ဦးချစ်မင်းက နိရဥ္ဇရာသို့ ပြောသည်။

“သင်္ဘောမှာက ခရီးသည် ၃၀ လောက်ပဲပါတာပါ။ ကုန်တွေလည်းမပါပါဘူး။ မြောက်ဦးကထွက်လာပြီးတော့ ပုဏ္ဏားကျွန်း ဆပ်ကမ်းကို အဝင်မှာ ဖြစ်တာပါ။ ရေစီးကြမ်းပြီး ကုန်းပေါ်ကို ထိုးတင်သွားတာပါ” ဟု သူက ဆိုသည်။

FB IMG 1463993919522

ခရီးသည်များမှာ တစ်စုံတစ်ရာ ထိခိုက်မှု မရှိခဲ့ကြောင်း၊ အနီးအနားမှ မော်တော်ဘုတ်များကို အကူအညီတောင်းပြီး ဘေးလွတ်ရာသို့ ရွေ့ပြောင်းခဲ့ရကြောင်း၊ နောက်ပိုင်းတွင် ပုဏ္ဍားကျွန်းမှ တစ်ဆင့် စစ်တွေသိို့ ကားဖြင့် ပို့ဆောင်ခဲ့ကြောင်း သူက ပြောကြားသည်။

ရခိုင်ပြည်နယ်သည် ရေလမ်းကို အားကိုးနေရသော ပြည်နယ် တစ်ခု ဖြစ်သော်လည်း ခိုင်ခန့် သစ်လွင်သော သင်္ဘောများ မရှိသလို လက်ရှိ ပြေးဆွဲနေသော သင်္ဘောများမှာ ဟောင်းနွမ်းနေပြီ ဖြစ်သဖြင့် မကြာခဏ အသက်အန္တရာယ် စိုးရိမ်ရသော အခြေအနေများနှင့် ရင်ဆိုင် ကြံုတွေ့နေရကြောင်း သိရသည်။

၂၀၁၅ ခုနှစ် မတ်လ ၁၃ ရက်နေ့က ကျောက်ဖြူဆိပ်ကမ်းမှ စစ်တွေသို့ ခုတ်မောင်းလာသော အောင်တံခွန် အမှတ် (၃) သင်္ဘော ၀မ်းဗိုက်ပြီး ရေဝင် နစ်မြုပ်ရာမှ ခရီးသည် ၂၀၀ နီးပါးခန့် သေဆုံးခဲ့ရသည်။

၎င်းနောက်ပိုင်း သင်္ဘောအသစ်များကို ဂျပန်မှ မှာယူပေးမည်ဟု  ယခင်အစိုးရက ကတိပြု ပြောကြားခဲ့သော်လည်း ယနေ့ထိ သင်္ဘောများ ရောက်ရှိလာခြင်း မရှိသလို စစ်တွေမှ ကျောက်ဖြူ၊ မြေပုံ၊ တောင်ကုတ်၊ မာန်အောင်မြို့များသို့ သင်္ဘောသွားလာမှုကို ယနေ့ အချိန်ထိ ရပ်ဆိုင်းထားရသည်။

ထိုသို့ ရပ်ဆိုင်းထားသဖြင့် ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်က စစ်တွေ-မြေပုံ-ကျောက်ဖြူ-တောင်ကုတ် လမ်းပန်းဆက်သွယ်ရေးတွင် အခက်အခဲရှိသည့်အတွက် ဒေသခံများ သွားလာရေးတွင် အဆင်မပြေ ဖြစ်ပေါ်နေသည့်အပေါ် လက်ရှိအစိုးရ လက်ထက်တွင် ပို့ဆောင်ရေးဌာနပိုင် သင်္ဘောခရီးစဉ်များ ပြန်လည်စီစဉ်ပေးရန် အစီအစဉ် ရှိ မရှိနှင့် မဆောင်ရွက်နိုင်ပါက မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုပါကြောင်း မေလ ၂ ရက် က ပြုလုပ်သော ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး (၁၉) ရက်မြောက်နေ့တွင် မေးမြန်းခဲ့သည်။

၎င်း မေးမြန်းခဲ့မှုအပေါ် ပြည်ထောင်စု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်က ပြည်တွင်းအင်ဂျင်နီယာများနှင့် သင်္ဘော ဒီဇိုင်းရေးဆွဲ ဆောင်ရွက်နေကြောင်း ဖြေကြားခဲ့သည်။

Most read this week

January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...
January 21, 2026
မောင်စာဂ — ဗုံးကြဲခံလိုက်ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကြီးအတွက် အရွယ်စုံ...